Eleven Media Group

နည်းပြ ဇာဗီနဲ့ ဆွေးနွေးမှုက အပေါင်းလက္ခဏာဆောင်ခဲ့တာကြောင့် လက်ရွေးစင်အသင်းအတွက် ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဗန်ဒိုက် ပြောကြား

Photo: X

နယ်သာလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဗန်ဒိုက်က လက်ရွေးစင်အသင်းမှာ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာက နည်းပြ ဇာဗီနဲ့ ဆွေးနွေးမှု အပေါင်းလက္ခဏာဆောင်ခဲ့တာကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ ဗန်ဒိုက်က နယ်သာလန်အသင်းအတွက် (၉၆)ပွဲကစားကာ (၁၃)ဂိုး သွင်းယူထားသူဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလတုန်းက လက်ရွေးစင်အသင်းအတွက် ဆက်ကစားပေးဖို့ မသေချာကြောင်း ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမဲ့ နည်းပြသစ် ဇာဗီနဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်မှာ ဗန်ဒိုက်က လာမယ့် ယူရို-၂၀၂၈ ပြိုင်ပွဲအထိ လက်ရွေးစင်အသင်းမှာ ဆက်ကစားသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။
''ဒါက အရေးကြီးတဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ ယုံကြည်မှုရယ် လေးစားမှုနဲ့ ပျော်ရွှင်မှု ပေါင်းစပ်ထားတဲ့အရာရယ် ရရှိတယ်လို့ ခံစားရပြီး ဒါတွေအားလုံးက ကျွန်တော် လိုချင်တဲ့အရာတွေပါ။ ဒါတွေကို ပထမဆုံးစက္ကန့်မှာကတည်းက ရရှိခဲ့တာကြောင့် ဆွေးနွေးမှုက အချိန်ကြာကြာပြုလုပ်ဖို့ မလိုအပ်ခဲ့ပါဘူး။ ဒါက အရမ်းကောင်းပါတယ်။ ဒါကြောင့့် အရေးကြီးတဲ့ ပွဲ(၄)ပွဲအတွက် ဆုံတွေ့ကြဖို့ ကျွန်တော် မျှော်လင့်နေပါတယ်'' လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။
နယ်သာလန်အသင်းဟာ အခုနိုင်ငံတကာရက်သတ္တပတ်မှာ ဂျာမနီ၊ ဆားဘီးယား၊ ဂရိတို့နဲ့ Nations League အုပ်စုပွဲစဉ်(၄)ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group