Eleven Media Group

ဂျာမနီလက်ရွေးစင်အသင်းမှာ ယာဂန်ကလော့ပ် တင်းကျပ်တဲ့စည်းကမ်းတွေ ချမှတ်လိုက်ကြောင်း သတင်းထွက်

Photo: X

ဂျာမနီလက်ရွေးစင်နည်းပြ ယာဂန်ကလော့ပ်ဟာ လက်ရွေးစင်အသင်းမှာ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ချမှတ်လိုက်ကြောင်း Bild က ဖော်ပြခဲ့ပါတယ်။
လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားများစွာ ရယူနိုင်ခဲ့တဲ့ ယာဂန်ကလော့ပ်က ပြီးခဲ့တဲ့ သြဂုတ်လမှာ ဂျာမနီလက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ယာဂန်ကလော့ပ်ဟာ ဂျာမနီလက်ရွေးစင်နည်းပြအဖြစ် အခု နိုင်ငံတကာရက်သတ္တပတ်မှာ Nations League ပြိုင်ပွဲ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အသင်းနဲ့အတူ လေ့ကျင့်မှု စတင်ပြုလုပ်ပြီးနောက် စည်းကမ်းချက်တွေ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျာမနီလက်ရွေးစင်ကစားသမားတွေအနေနဲ့ ပွဲကစားဖို့ အသင်းနဲ့ ပူးပေါင်းရတဲ့ကာလအတွင်း ည (၇)နာရီ ဒါမှမဟုတ် (၈)နာရီမှာ ညစာအတူစားဖို့ အရောက်လာရမှာဖြစ်ကြောင်း၊ ပွဲမကစားခင် ဖုန်းအသုံးပြုခွင့်မရှိဘဲ အသင်းတွင်း ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ အသင်းတည်းခိုတဲ့ ဟိုတယ်ကို ဆံပင်ညှပ်သမား ခေါ်ဆောင်ခွင့်မပြုကြောင်း၊ ပြိုင်ပွဲကြီးတွေ ယှဉ်ပြိုင်ရတဲ့ကာလအတွင်း မိသားစုလာရောက်လည်ပတ်မှုကို အကန့်အသတ်နဲ့သာ ခွင့်ပြုသွားမှာဖြစ်ကြောင်း ယာဂန်ကလော့ပ်က စည်းကမ်းသတ်မှတ်လိုက်ကြောင်း Bild က ဖော်ပြခဲ့တာပါ။
ဂျာမနီအသင်းဟာ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ(၃)ကြိမ်ဆက် ရလဒ်မကောင်းခဲ့သလို၊ ယူရိုပြိုင်ပွဲမှာလည်း ချန်ပီယံဆုနဲ့ ဝေးကွာနေတာ ကြာမြင့်နေခဲ့ပြီဖြစ်တာကြောင့် ယာဂန်ကလော့ပ်ကို နည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group