Eleven Media Group

■ ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ ဖုန်းထဲ မပါရှိစေရန် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း ထုတ်ပြန်

ပြည်တွင်းဘုရားဖူးယာဉ်များဖြင့် ခရီးသွားလာသည့် ခရီးသည်များအနေဖြင့် ဥပဒေနှင့်မညီသည့် ဓာတ်ပုံ၊ ဗီဒီယိုများ ဖုန်းထဲမပါရှိစေရန် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းက ထုတ်ပြန်သည်။

ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းက ဘုရားဖူးယာဉ်များ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ရေးနှင့် လမ်းခရီးစဉ်အတွင်း လိုက်နာရှောင်ကြဉ်ရမည့်အချက်များဆိုသည့်
အချက် ၉ ချက်ပါ အသိပေးစာကို စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

‎အဆိုပါ အချက်ကိုးချက်မှာ ခရီးသည်များအားလုံး နိုင်ငံသားစိစစ်ရေးကတ်/ ခရီးသွားထောက်ခံစာ(ရဲစခန်း) ယူဆောင်ရန် နှင့် Guide များ လမ်းခရီးစစ်ဆေးရေးအဖွဲ့များနှင့် အဆင်ပြေစွာ
ပြောဆိုဆက်ဆံ၍ပူးပေါင်းဆောင်ရွက်ရန်၊ ‎လုပ်ငန်းရှင်များအားလုံး ဟိုတယ်ခရီး၏ ခရီးလှည့်လည်ရေး လိုင်စင် DPTOA ၏ထောက်ခံချက်ဖြင့် တိုင်းဒေသကြီးမှထုတ်ပေးသောလိုင်စင်ရယူထားရန်၊ ခရီးသွားစဉ်လမ်းခရီးထူးခြားဖြစ်စဉ်များအား အသင်းဝင်ဂိတ်အချင်းချင်း အသိပေးခြင်းနှင့် DPTOA Member Group ထဲစာရေးသားပို့၍ အသိပေးရန်၊ အသင်းဝင်ကတ်နှင့် လုပ်ငန်းလိုင်စင်များကိုမိတ္တူဆွဲ၍ထွက်ခွာမည့် ယာဉ်ပေါ်ယူဆောင်သွားရန် စသည့်အချက်များ ပါဝင်သည်။

ထို့ပြင် ခရီးသည်များ ဥပဒေနှင့် မညီညွတ်သော ဓာတ်ပုံ၊ ဗီဒီယိုများ ဖုန်းထဲတွင် မပါရှိစေရန်၊ ယာဉ်ထွက်ချိန် နံနက် ၅ နာရီနှင့် နောက်ပိုင်းစတင်ထွက်ခွာရန်နှင့် စုရပ်သို့ ပြန်ရောက်ချိန် နောက်အကျဆုံး ည ၈/ ၁၀ နာရီအတွင်း ပြန်ရောက်မည့်အစီအစဉ်များ ရေးဆွဲစေလွှတ်ရန်နှင့် ‎ခရီးသည်များ အိမ်အပြန်အဆင်ပြေစေရန် ပါဝင်သည့် Guide များမှ Taxi (Grab) ငှားပေးခြင်း၊ ကားနံပါတ် မှတ်တမ်းတင်ထားရန်နှင့် ဧည့်သည်အိမ်ရောက်သည့်အခါ Guide အားဖုန်းပြန်ဆက်ခိုင်းရန်နှင့် Guide မှ အဆက်အသွယ် ပြန်လုပ်ရန်လည်း အဆိုပါအသင်းက ထုတ်ပြန်ထားသည်။

မူရင်းသတင်း — Eleven Media Group