Eleven Media Group

■ မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားကြီးရှေ့ တွင် နေ့စဉ် နံနက်တိုင်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်နေ

မြန်မာ-ထိုင်းနယ်စပ် မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားကြီးရှေ့ မြဝတီဘက်တွင် မော်တော်ယာဉ်များ နေ့စဉ် နံနက်ပိုင်း၌ လမ်းသွားလမ်းလာများ လမ်းသွားလာ၍ မရအောင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

မြဝတီ ချစ်ကြည်ရေးတံတားထိပ်တွင် နေ့စဉ် နံနက်တိုင်း ယာဉ်ကြောပိတ်ဆိုနေမှုမှာ ထိုင်းနိုင်ငံဘက်သို့ သွားရောက်မည့်ယာဉ်များနှင့် ဒေသခံ ခရီသွားများ၏ယာဉ်များ စည်းကမ်းမဲ့စွာ ရပ်ထားခြင်းကြောင့်ဖြစ်၍ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မြဝတီမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

"ရဟန်းသံဃာတွေ ဆွမ်းခံကြွတာတောင် မနည်းရှောင်တိမ်းကြွနေကြရတာမို့ ဒီလောက်ကျယ်တဲ့ လမ်းမကြီးမှာ မော်တော်ယာဉ်တွေ စနစ်တကျတန်းစီပြီး စည်းကမ်းတကျရှိစေဖို့ဆိုရင် တာဝန်ရှိသူတွေအနေနဲ့ ကြပ်မတ်ဆောင်ရွက်ပေးစေလိုပါတယ်"ဟု မြဝတီမြို့မှ ဒေသခံတစ်ဦးက ဆိုသည်။

မြဝတီမြို့မှ ခရီးသည်ကြို/ပို့ မော်တော်ယာဉ်များမှာ ထိုင်းနိုင်ငံဘက်သို့ ယခင်က တစ်နေ့လျှင် နှစ်ကြိမ်၊ သုံးကြိမ် ဝင်ရောက်ကြသော်လည်း ယခုအခါ ထိုင်း ကာစတင်က နှစ်ကြိမ်ဝင်သောယာဉ်အား စက်သုံးဆီ လာဖြည့်သည်ဟုဆိုကာ ဘတ် ၃၀၀ တောင်ခံသည့်အတွက် တစ်နေ့တစ်ကြိမ်သာ ဝင်ရောက်ကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

"ကျောင်းကားလား၊ ဈေးဝယ်ကားလား သူတို့ မခွဲကြတော့ဘူး။ နှစ်ကြိမ်ဝင်ရင် ဆီလာဖြည့်တယ်ဆိုပြီး ကာစတင်က ဘတ် ၃၀၀ တောင်းတော့တာပဲ။ တရားဝင်လားလို့ မေးတော့ မပေးချင်ရင် ဝင်မလာနဲ့တဲ့။ ကျွန်တော်တို့ မြန်မာကားတွေက ထိုင်းဘက်ကို ဝင်တာ အလကားဝင်မရပါဘူး။ ပုဂန်လို့ခေါ်တဲ့ အာမခံလုပ်ရတယ်။ တစ်ခါဝင်တိုင်းလည်း ဘတ် ၁၀၀ သွင်းရတယ်။ ကျွန်တော်တို့နိုင်ငံသားတွေ ထိုင်းဘက်ကိုသွားတာ သူတို့အကျိုးစီးပွား အများကြီးရပါတယ်။ လူတစ်ယောက်ဝင်ရင် ဘတ် ၄၀၊ လူက တစ်နေ့ ၂၀၀၀ ကျော် ဝင်ထွက်သွားလာကြတာ။ ကားဆိုလည်း တစ်စီး ဘတ်တစ်ရာ၊ နေ့စဉ်ရာချီ ရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံသားတွေ၊ မြန်မာကားတွေဆိုရင် အမြဲကျိုးနှိမ်တာပါပဲ"ဟု အဆိုပါယာဉ်မောင်းက ပြောသည်။

မြဝတီ ချစ်ကြည်တံတားအနီး နေသူတစ်ဦးက "တံတား (၁) ထိပ်မှာ မဲဆောက်မသွားဘဲ ရပ်နားပြီး ခရီးသည်စောင့်နေတဲ့ ကားတွေက နှစ်ထပ်ရပ်ထားတာကြောင့် ကားလမ်းကျပ်ရခြင်းဖြစ်ပါတယ်။ မဲဆောက်သွားတဲ့ ကားတွေက သူ့အတန်းတိုင်း မရပ်ဘဲ သွားနေတာပါ။ ကြံခင်းကျောင်းရှေ့ကနေစပြီး ရှင်းသင့်ပါတယ်" ဟု ၎င်းက ပြောသည်။

ထို့အပြင် မြဝတီမြို့တွင်း စက်သုံးဆီဆိုင်အချို့မှာ လိုင်စင်ရှိယာဉ်များအား အစိုးရသတ်မှတ်ဈေးဖြင့်ရောင်းချခြင်းမပြုဘဲ လိုင်စင်မဲ့ ပြင်ပပေါက်ဈေးဖြင့်သာ ရောင်းချကြခြင်းကြောင့်လည်း ထိုင်းနိုင်ငံဘက်သို့ စက်သုံးဆီဝယ်ယူရန် သွားရောက်မှု ပိုမိုများပြားနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group