
ဆင်ဖြူကျွန်း - ပေါ်တော်မူကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူးအား ပိတ်လိုက်သည့်အတွက် ဒေသခံပြည်သူများ အခက်အခဲများဖြစ်ပေါ်နေပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများထံ အသနားခံစာတင်ပြသွားမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းအချိန်က ရန်ကုန် - မော်လမြိုင် အမှတ် (၈၁) အစုန်အမြန်ရထားနှင့် Light Truck ယာဉ်တို့ သထုံမြို့နယ် ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) ၌ တိုက်မှုဖြစ်ပွားခဲ့သည့်နောက် ယင်းနေ့ ညနေပိုင်းအချိန်တွင် မြန်မာ့မီးရထား သထုံဘူတာမှ ထိုရထားလမ်းကူးနေရာအား ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့ သထုံမြို့နယ် ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) အား ပိတ်လိုက်သည့်အတွက်ကြောင့် ဒေသခံများ သွားလာရေးအခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက်ကြောင့် ယမန်နေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီအချိန်က ပေါ်တော်မူကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သထုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူနှင့် သထုံမြို့နယ် ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တွေ့ဆုံးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ကျေးရွာချင်းဆက်လမ်းကို ရထားကနေ ပိတ်ထားလိုက်တယ်ဆိုတော့ တရားဝင်ပြန်ဖွင့်ခွင့်တော့ မရဘူးပေါ့နော်။ နည်းနည်းလေး ဖြေလျော့ခွင့်ရဖို့အတွက်ကို ဒေသခံပြည်သူတွေအနေနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့၊ နောက်ပြီး သက်ဆိုင်ရာဌာနတွေကို အသနားခံစာ တင်ပြပေးနိုင်ဖို့အတွက်ကို ညှိနှိုင်းပေးထားပါတယ်” ဟု သထုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “ရထားလမ်းရဲ့ တစ်ဖက်၊ ပေါ်တော်မူအောက်ပိုင်းတို့၊ ဆင်ဖြူကျွန်းကျေးရွာတို့၊ အောက်ပိုင်းကွင်းရွာတွေအတွက်က ဒီ ပေါ်တော်မူ - ဆင်ဖြူကျွန်းကျေးရွာချင်းဆက်လမ်းကိုပဲ အသုံးပြုပြီး သွားလာနေကြရတာလေ။ တစ်ခြားနေရာတွေဘက်က ကွေ့ပြီးသွားလာဖို့အတွက်ကလည်း ချောင်းတွေ၊ မြောင်းတွေခံနေကြတော့ ဒီ ကျေးရွာချင်းဆက်လမ်းကိုပဲ အားထားပြီး သွားလာနေကြရတော့ ဒေသခံပြည်သူတွေလည်း တော်တော်လေးကို အခက်အခဲတွေ့နေကြရပါတယ်” ဟု ပြောကြားသည်။
ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူးနေရာအား ပိတ်ထားလိုက်သည့်အတွက်ကြောင့် ကျောင်းဖွင့်ရာသီဖြစ်သဖြင့် ကျောင်းသား/သူများ သွားရေးလာရေး အခက်အခဲဖြစ်နေသည်ဟု သိရကြောင်း၊ ထို့အပြင် ကျန်းမာရေးမကောင်းသည့် လူနာများအား ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ရန်အတွက်လည်း အခက်အခဲများစွာဖြစ်ပေါ်နေသည်ဟု သိရကြောင်းလည်း ၎င်းက ဆိုသည်။
“အဲ့ဒီအပြင်ကို တခြားသော လူမှုရေး၊ စီးပွားရေး စတဲ့ကိစ္စရပ်တွေလည်း အများကြီးရှိနေတော့ ဒီရထားလမ်းကူးနေရာကို ပိတ်ထားတာနဲ့ ပတ်သက်လို့ ဖြေလျော့ပေးနိုင်ဖို့အတွက်ကို အသနားခံစာ တင်ပြပေးနိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ဒေါ်လေးမိုးသူက ဆက်လက်ပြောကြားသည်။
ပေါ်တော်မူကျေးရွာက ရထားလမ်းအောက်ပိုင်းတွင် လူဦးရေ ၃၀၀ ကျော်၊ ဆင်ဖြူကျွန်းကျေးရွာတွင် လူဦးရေ ၁၈၀၀ ဦးခန့်အပြင် ကွင်းပိုင်းရှိ ကျေးရွာများတွင်လည်း နေထိုင်ကြသူများအနေဖြင့် ၎င်း ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းကိုသာ အသုံးပြုပြီးသွားလာနေကြရကြောင်း၊ ကျေးရွာချင်းဆက်လမ်းအား ပိတ်လိုက်သည့်အတွက်ကြောင့် ဆင်ဖြူကျွန်းကျေးရွာက ရဟန်းသံဃာတော်များ ပေါ်တော်မူကျေးရွာဘက်ကို ဆွမ်းခံကြွရာတွင် အဆင်မပြေမှုများဖြစ်နေကြောင်းနှင့် ဆင်ဖြူကျွန်းကျေးရွာနှင့် ပေါ်တော်မူကျေးရွာအောက်ပိုင်းမှ သထုံမြို့တွင် ကျောင်းတက်နေကြသည့် ကျောင်းသား/သူ ၃၀၀ ကျော်မှာလည်း သွားရေးလာရေးအခက်အခဲဖြစ်ကုန်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် ပေါ်တော်မူကျေးရွာ၊ ဆင်ဖြူကျွန်းကျေးရွာနှင့် အောက်ပိုင်းကွင်းများအတွင်း လယ်ဧက ၆၀၀၀ ခန့်ရှိကြောင်းနှင့် တောင်သူများအနေဖြင့်လည်း ထို ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းကိုသာ ကုန်ထုတ်လမ်းအဖြစ် အသုံးပြုနေကြရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ထိုအခြေအနေများကြောင့် ဒေသခံပြည်သူများ၏ အခက်အခဲများအား သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများထံသို့ အသနားခံစာများ တင်ပြသွားမည်ဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ဘီးလင်းဘူတာဘက်မှ သထုံဘူတာဘက်သို့ ခုတ်မောင်းလာသည့် အမှတ် (၈၁) အစုန် အမြန်ရထားနှင့် Light Truck ယာဉ်တိုက် အဆိုပါ သထုံမြို့နယ် ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) တွင် တိုက်မှုဖြစ်ပွားခဲ့ပြီး Light Truck ယာဉ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ၎င်း Light Truck ယာဉ်မောင်းဖြစ်သူအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
Photo Credit - ကိုဝင်းဇော်ဦး