
မြောက်ကိုရီးယားက ဒုံးကျည်ကာကွယ်ရေးကိုရှောင်နိုင်ပြီး ခြေရာခံရန်နှင့် ကြားဖြတ်ပစ်ချရန်ခက်သော ဟိုက်ပါဆောနစ်ဒုံးကျည်ကို စမ်းသပ်ခဲ့ပုံရသည်ဟု လေ့လာဆန်းစစ်သူများက စက်တင်ဘာ၂၃ရက်တွင် AFP ကို ပြောကြားခဲ့သည်။
မြောက်ကိုရီးယားက စက်တင်ဘာ၂၀ ရက်တွင်၎င်း၏အရှေ့ဘက်ကမ်းရိုးတန်းအလွန်ရှိ ပင်လယ်သို့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းပစ်လွှတ်ခဲ့သည်ဟုတောင်ကိုရီးယားနှင့် ဂျပန်တို့ကပြောကြားခဲ့ပြီး ယင်းသို့လွှတ်ခြင်းက ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုခြိမ်းခြောက်မှုအဖြစ်ရှုတ်ချခဲ့ကြသည်။
မြောက်ကိုရီးယားက လက်နက်အမျိုးအစားကိုပြောကြားခြင်းမရှိဘဲ နိုင်ငံ၏ ဒုံးကျည်ဗျူရိုကခေတ်ရှေ့ပြေးလွန်းသော ကာကွယ်ရေး နည်းပညာကို သရုပ်ပြမှုအဖြစ် လက်နက်အမျိုးအစားသစ်ကိုအောင်မြင်စွာစမ်းသပ်ခဲ့သည်ဟုပြောကြားခဲ့သည်။
လေ့လာဆန်းစစ်သူများကပြောကြားရာတွင်အဆိုပါဒုံးကျည်သည်မြောက်ကိုရီးယား၏အဆင့်မြှင့်တင်ထားသော Hwasongpho -11Ma-1 ဟိုက်ပါဆောနစ် တာတိုပစ်ပဲ့ထိန်းဒုံးကျည်ဖြစ်ပုံရသည်ဟု ဆိုသည်။
အကွာအဝေး ကီလိုမီတာ ၄၅၀ မှ ၆၀၀(မိုင် ၂၈၀-၃၇၀)ရောက်ရှိနိုင်ခြင်းနှင့်အတူ ဟိုက်ပါဆောနစ်ဒုံးကျည်သည် ကိုရီးယားကျွန်းဆွယ်ရှိ အရေးပါသော စစ်ရေးအဆောက်အအုံများကို အချိန်တိုလေးအတွင်းတိုက်ခိုက်ရန် ပုံစံထုတ်ထားခြင်း ဖြစ်သည်ဟု ဆိုးလ်ရှိ မြောက်ကိုရီးယား စာပေလေ့လာမှု တက္ကသိုလ်၏ဥက္ကဋ္ဌ ဟောင်း ယန်မူဂျင်းက AFP ကို ပြောကြား ခဲ့သည်။
မြောက်ကိုရီးယားအစိုးရမီဒီယာက ထုတ်ပြန်သောပုံများတွင် ခေါင်းဆောင်ကင်ဂျုံအွန်နှင့် သမီးကင်ဂျူအိုင်းတို့က Hwasongpho-11Ma-1ဒုံးကျည် ပျံသန်းရာလမ်းကြောင်းကို ပြသနေသည့် ရုပ်သံမျက်နှာပြင်အား ကြည့်နေပုံကို မြင်ရသည်။
အစိုးရသတင်းဌာန KCNA က ဖော်ပြသော သတင်းတွင် ခေါင်းဆောင်ကင်ဂျုံအွန်က ဒုံးကျည်၏အဆင့်မြင့်မားမှုသည် ရန်သူများကို အောချရလောက်အောင်ခေါင်းခဲစေမည်ဖြစ်ကာ အလွန်ရက်စက်၍ မရှောင်နိုင် သော ထိုးနှက်ချက်ဖြစ်စေလိမ့်မည်ဟု သတိပေးထားကြောင်း ဖော်ပြထားသည်။
ပြုံယမ်းက နျူကလီးယားလက်နက်တပ်ဆင်ထားသောနိုင်ငံအဖြစ် ၎င်း၏အဆင့်အတန်းကိုအခိုင်အမာပြောကြားထားပြီး နိုင်ငံ၏ နျူကလီးယားလှုပ်ရှားမှုများကိုရပ်တန့်ရန်တောင်းဆိုထားသောကုလသမဂ္ဂဆုံးဖြတ်ချက်အားပယ်ချခဲ့ပြီးနောက် ရက်ပိုင်းအတွင်း အထက်ပါဒုံးကျည်ပစ်လွှတ်မှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဒုံးကျည်ပစ်လွှတ်မှုများနှင့်ပတ်သက်၍ဂျပန်ကမြောက်ကိုရီးယားကို ပြင်းပြင်း ထန်ထန်ကန့်ကွက်ထားပြီး ပစ်လွှတ်မှုများကိုဒေသဆိုင်ရာငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့အတွက်ခြိမ်းခြောက်မှုအဖြစ်ဝေဖန်ရှုတ်ချထားသည်။
Ref:AFP