Eleven Media Group

■ မြေအောက်ရေ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းများ ရှင်းလင်းဟောပြောပွဲ တောင်ကြီး အထက (၁) ကျောင်းတွင် ပြုလုပ်

မြေအောက်ရေ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းများ ရှင်းလင်းဟောပြောပွဲ တောင်ကြီးမြို့ အထက (၁) ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက် မနက် ၉ နာရီအချိန်ခန့်တွင် တောင်ကြီးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် မြေအောက်ရေ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းများ ရှင်းလင်းဟောပြောပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြေအောက်ရေ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းစဉ် ဟောပြောပွဲတွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ စိုင်းလုံကျော်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ခွန်ထွန်းဖြူတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး မြေအောက်ရေ ဖြည့်တင်းရေး အထောက်အကူပြုအဖွဲ့ဝင်များက တောင်ကြီးမြို့၏ ရေအရင်းအမြစ်နှင့် သဘာဝမြေအောက်ရေ ပြန်လည်ဖြည့်တင်းနိုင်မည့် နည်းလမ်းများကို PowerPoint များဖြင့် အသေးစိတ် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။‎

“မြေအောက်ရေကိစ္စကလည်း အရေးကြီးပါတယ်။ အမျိုးသား ရေအရင်းအမြစ်ကော်မတီပေါ့၊ ဖွဲ့ထားတာ မကြာသေးဘူး။ ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်မှာပေါ့။ နိုင်ငံတော်သမ္မတ ဥက္ကဋ္ဌပေါ့။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနဲ့ ပတ်သက်ပြီးတော့ ရေရှားပါးလာမှုအနေအထား ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အမျိုးသား ရေအရင်းအမြစ်ကော်မတီ ဖွဲ့စည်းတာရှိတယ်။ အဓိက ရေချိုတွေပေါ့။ မြေအောက်ရေ ပြန်လည်ဖြည့်တင်းပေးဖို့ အရေးကြီးတယ်။ အရင်ကဆိုရင် တောင်ကြီးမှာ ပေ ၇၀၊ ၈၀၊ ရိုးရိုး တုန်ကင်တွင်းဆိုရင် ပေ လေးငါးဆယ်နဲ့ ရေထွက်တယ်။ နောက်ပိုင်း ရေနည်းသွားတဲ့ သဘောရှိတယ်။ ဖြည့်တာတော့ ၂ မျိုး၊ မြေပေါ်ရေနဲ့ မြေအောက်ရေပေါ့။ စည်ပင်သာယာရေးကလည်း ကြီးကြပ်တာရှိတယ်။ မြေအောက်ရေပါတဲ့ ဒီဇိုင်းပေါ့။ အဆောက်အဦ ဆောက်တယ်ဆိုရင် အကျယ်အဝန်းပေါ် မူတည်ပြီး အတိုင်းအတာလေးတစ်ခု ရှိတာပေါ့။ ၃ ရာခိုင်နှုန်း မြေသားချန်ပေးပြီး ရေထည့်ပေးရတယ်။ ကျောက်ကြီး ကျောက်လတ် ဒီဇိုင်းလုပ်ထားတဲ့ဆီကို မြေအောက်ရေ ထည့်တာပေ့ါ။ စည်ပင်မှာလည်း ရှိပါတယ်။ မြေအောက်ရေ ပြန်လည်ဖြည့်တင်းတာပေါ့။ တစ်နိုင်ငံလုံးမှာရှိတယ် တောင်ပေါ်မြေပြန့်မှာရောပဲ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ခွန်ထွန်းဖြူက ပြောသည်။

ရည်ရွယ်ချက်မှာ အသုံးပြုပြီးရေများကို ရေစုကန် တည်ဆောက်ပြီး သဘာဝနည်းလမ်းဖြင့် မြေပြင်အောက်သို့ စိမ့်ဝင်ပြီး မြေအောက်ရေကို ပြန်လည်ဖြည့်တင်းစေရန် ရည်ရွယ်ကြောင်း ဆိုသည်။ အကျိုးကျေးဇူးအနေဖြင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းရန်အတွက် သန့်ရှင်းပြီး စစ်ထုတ်ထားသော ရေကို ထောက်ပံ့ပေးခြင်း၊ ရေ အရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး ရပ်ရွာကျန်းမာရေးကို အထောက်အကူပြုပေးစေကြောင်း ၊ မျက်နှာပြင် ရေစီးကြောင်းကို လျော့ချစေပြီး ရေဝပ်ခြင်းကို ကာကွယ်ပေးကြောင်း ၊ မြေဆီလွှာစိမ့်ဝင်မှုနှင့် မြေအောက်ရေ ပမာဏကို တိုးစေကြောင်း၊ သဘာဝပတ်ဝန်းကျင် ကောင်းမွန်စေပြီး ရေရှည်တည်တံ့စေကြောင်း သိရသည်။

သစ်တောများ လျော့နည်းလာခြင်း၊ မြို့ပြဧရိယာ ကျယ်ပြန့်လာခြင်း၊ မြို့နေလူဦးရေ ထူထပ်လာခြင်း၊ ရာသီဥတု ဖောက်ပြန်ကာ အပူချိန်မြင့်တက်လာခြင်း၊ မိုးရာသီကာလ တိုတောင်းလာခြင်း၊ စွန့်ပစ်အမှိုက်နှင့် ပလပ်စတစ်များ၊ ရေသုံးစွဲမှုမြင့်တက်လာခြင်း၊ ရေဝင်နှုန်းနှင့် ရေထုတ်ယူနှုန်း မမျှတခြင်းတို့အပြင် ဂေဟစနစ် ပျက်ယွင်းလာခြင်းတို့ကြောင့် မြေအောက်ရေဖြည့်တင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် လွှတ်တော်ရုံးတွင်လည်း စံနမူနာပြအနေဖြင့် မြေအောက်ရေ ဖြည့်တင်းရေး ရေစစ်ကန် ပြုလုပ်ခြင်းဖွင့်ပွဲကို ဩဂုတ် ၁၆ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group