Eleven Media Group

■ အဂတိလိုက်စားမှုနှင့် ဆက်စပ်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တစ်နိုင်ငံတည်း တွန်းလှန်တိုက်ဖျက်၍ မရဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြောကြား

အဂတိလိုက်စားမှုနှင့် ဆက်စပ်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တစ်နိုင်ငံတည်း တွန်းလှန်တိုက်ဖျက်၍ မရဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုကို ကာကွယ်တားဆီးရန်နှင့် ဆန့်ကျင်တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုနှင့် ဆက်စပ်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တစ်နိုင်ငံတည်း တွန်းလှန်တိုက်ဖျက်၍ မရကြောင်း ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ တစ်ခုတည်းသော ဘုံသဘောတူညီချက်ဖြစ်သည့် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းနှင့်အညီ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအဟန့်အတားဖြစ်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် တစ်ဦးတစ်ယောက်မှစပြီး ကဏ္ဍအသီးသီးရှိ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာ၌ ယခုကဲ့သို့ အသိပညာပေးအစီအစဉ်များ ကျင်းပခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်နှေးစေပြီး ဂုဏ်သိက္ခာလည်း ကျဆင်းစေသဖြင့် တစ်ဦးတစ်ယောက်ချင်းအနေဖြင့် အဂတိလိုက်စားမှုကို ရှောင်ကြည်သင့်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) ကို ဖွဲ့စည်းထားရှိပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးများက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည့်အချက်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း ခေါင်းဆောင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်ဝင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group