
ဖက်ဒရယ်အစိုးရနှင့် တီဂရေးသူပုန်တို့ တင်းမာမှုများ မြင့်တက်နေချိန်တွင် တီဂရေးသူပုန်တို့က ဒေသဆိုင်ရာမြို့တော်၏လေဆိပ်ကို ထိန်းချုပ်လိုက်ပြီဟု လုံခြုံရေးနှင့်ဒေသတွင်း သတင်းအရင်း အမြစ်များက စက်တင်ဘာ ၂၃ ရက်တွင် AFP ကို ပြောကြားခဲ့သည်။
တီဂရေးဒေသကို ထိန်းချုပ်ထားသော တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး(TPLF)သည် ၂၀၂၀-၂၀၂၂ တွင် ဖက်ဒရယ်အစိုးရနှင့် ပြင်းထန်သောပြည်တွင်းစစ်ကို တိုက်ခဲ့ရာ လူ ၆၀၀,၀၀၀ ခန့်သေဆုံးခဲ့သည်ဟု အာဖရိကသမဂ္ဂ၏ ခန့်မှန်းချက်များအရ သိရသည်။
လွန်ခဲ့သောလများတွင် ထုံ့ပိုင်းထုံ့ပိုင်းဖြစ်ပွားသောတိုက်ပွဲများက တစ်ကျော့ပြန်စစ်ပွဲ ပြန်ဖြစ်မည်ဟူသော စိုးရိမ်မှုများကို မြင့်တက်လာစေသည်။
"အလုပ်အတွက်ကျွန်တော်တို့က လေဆိပ်ကိုသွားတဲ့လမ်းပေါ်ကို ရောက်နေတုန်းမှာ ကျွန်တော်တို့ရဲ့ အလုပ်ကြပ်က ဒရိုင်ဘာကို ဖုန်းဆက်ပါတယ်။ တီဂရေးတပ်ဖွဲ့တွေကလေဆိပ်ကို သိမ်းပိုက်လိုက်ပြီလို့ ဒရိုင်ဘာကိုပြောပါတယ်။ အဲဒီနောက်ပိုင်းမှာ တိုက်ခိုက်တာတွေမရှိပါဘူး။ အိမ်ပြန်ဖို့ ပြောပါတယ်"ဟု တီဂရေးမြို့တော် မီကီလီရှိ အလူလာအဘာနီဂါလေဆိပ်ရှိ ၀န်ထမ်းက AFP ကို ပြောကြားသည်။
ထိုသတင်းကို အီသီယိုပီးယားအခြေစိုက် ပြည်ပလုံခြုံရေးအရင်းအမြစ်က အတည်ပြုခဲ့သည်။
ဖက်ဒရယ်ရဲ အနည်းငယ်က လေဆိပ်ကို စောင့်ကြပ်နေခြင်းဖြစ်ပြီး ထိုရဲတို့၏အခြေ အနေကို မသိရပေ။
Ref:AFP