Eleven Media Group

■ ကုလသမဂ္ဂက ၎င်း၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိတော့ဟု တူရကီသမ္မတ ဝေဖန်

■ ပါလက်စတိုင်းသမ္မတ ညီလာခံတက်ခွင့် မရမှုကိုလည်း မကျေမနပ်​ပြောဆို

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သည့် ၈၁ နှစ်က တည်ထောင်ခဲ့သည့် ကုလသမဂ္ဂသည် ယခုအခါ ၎င်း၏အဓိကတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိတော့ကြောင်း တူရကီသမ္မတ ရီဆပ် အာဒိုဂန်က ကမ္ဘာ့ခေါင်းဆောင်များရှေ့တွင် ဝေဖန်ပြောဆိုလိုက်သည်။

စက်တင်ဘာ ၂၂ ရက်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် အာဒိုဂန်က မိန့်ခွန်းပြောကြားခဲ့ပြီး “နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ လွန်ခဲ့တဲ့ ၈၁ နှစ်က တည်ထောင်ခဲ့တဲ့ ကုလသမဂ္ဂဟာ အခုတော့ ဒီတာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိတော့ပါဘူး။ ပိုပြီးတိတိကျကျ ပြောရမယ်ဆိုရင် ဒီတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိအောင် ပြုလုပ်ခံထားရတာပါ” ဟု ဝေဖန်ခဲ့သည်။

ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း ကုလသမဂ္ဂသည် ၎င်း၏ ရည်မှန်းချက်များနှင့် မျှော်မှန်းချက်များအတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သည့် အခြေအနေကို မြင်တွေ့နိုင်ကြောင်း ၊ ထိုကာလအတွင်း လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ရပြီး ထိုထက်မကသော လူများက ပြင်းထန်သည့် ဆင်းရဲဒုက္ခများကို ခံစားခဲ့ရကြောင်း ၊ ပြီးခဲ့သည့် ၁၂ လသည် လွန်ခဲ့သည့် အနှစ် ၃၀ အတွင်း သွေးထွက်သံယိုမှု အများဆုံးကာလများထဲမှ တစ်ခုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ကာ ဂါဇာမှ ယူကရိန်းနှင့် ရုရှားအထိ၊ မြန်မာနိုင်ငံမှ ဒါဖာအထိ၊ အီရန်မှ လက်ဘနွန်အထိ ပဋိပက္ခ၊ စစ်ပွဲပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့ကြောင်း အာဒိုဂန်က ထောက်ပြခဲ့သည်။

ထို့ပြင် ပါလက်စတိုင်း၊ လက်ဘနွန်၊ ဆူဒန်နှင့် အခြားအကျပ်အတည်းဖြစ်ပွားနေသည့် ဒေသများမှ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်ထားခဲ့သူများမှာ အလွန်အမင်း စိတ်ပျက်နေကြကြောင်းလည်း ၎င်းကပြောသည်။

အာဒိုဂန်က လက်ရှိဆောင်ရွက်နေသည့် ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကို ထောက်ခံကြောင်းနှင့် လာမည့်ဇန်နဝါရီတွင် တာဝန်စတင်ထမ်းဆောင်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ်၏ ဦးဆောင်မှုအောက်တွင် ပြုပြင်ပြောင်းလဲရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်း ထည့်ပြောခဲ့သည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများတွင် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲရေးလည်း ပါဝင်သည်။ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံနှင့် အလှည့်ကျရွေးချယ်ခံရသည့် အမြဲတမ်းမဟုတ်သော အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သည်။

“နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ ဆန္ဒတွေဟာ နိုင်ငံငါးနိုင်ငံရဲ့ သဘောထားအပေါ် မူတည်နေရတဲ့စနစ်ဟာ တရားမျှတတဲ့စနစ် မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ လက်ခံရပါမယ်။ ကမ္ဘာကြီးဟာ ငါးနိုင်ငံထက် ပိုကျယ်ပြန့်ပါတယ်” ဟု တူရကီသမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာဥပဒေကို အင်အားကြီးနိုင်ငံများနှင့် အင်အားနည်းနိုင်ငံများအပေါ် တန်းတူညီမျှ ကျင့်သုံးရန် လိုအပ်ကြောင်း အာဒိုဂန်က အလေးပေးပြောခဲ့သည်။

ဂါဇာအရေးကိုလည်း အာဒိုဂန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ လူသားဆန်မှု၊ တရားမျှတမှုတို့ကို နှလုံးသားထဲတွင် ထားရှိသူ မည်သူမဆို ဂါဇာတွင် ဖြစ်ပျက်နေသည်များကို မျက်ကွယ်ပြုနိုင်မည် မဟုတ်ကြောင်း ၎င်းကပြောသည်။

“ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်ဟာ နှစ်နှစ်ဆက်တိုက် ဒီခန်းမထဲကို ရောက်လာခွင့် မရခဲ့ပါဘူး။ ပါလက်စတိုင်းသားတွေအပေါ် ဒီလိုမတရားမှုတွေ ကျူးလွန်နေတာဟာ ကျွန်တော်တို့ရဲ့ အသိစိတ်ဓာတ်ကို နာကျင်စေပါတယ်” ဟုလည်း အာဒိုဂန်ကဆိုသည်။ ထို့နောက် ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်မပြုသေးသည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ သဘောထားကို ပြန်လည်သုံးသပ်ကြရန်နှင့် ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် အစ္စရေးကို ဖိအားတိုးပေးကြရန် နိုင်ငံတကာကို အာဒိုဂန်က တိုက်တွန်းခဲ့သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group