Eleven Media Group

■ ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်သက်ညှာပေးခဲ့ကြောင်း မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က Time မဂ္ဂဇင်းနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြား

■ ဩဂုတ် ၂၈ ရက်က သမ္မတရုံးအတွင်း ဦးမင်းအောင်လှိုင်အား တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်သက်ညှာပေးခဲ့ကြောင်း မြန်မာသမ္မတ ဦးမင်းအောင်လှိုင်က စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည့် Time မဂ္ဂဇင်းနှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအစိုးရသည် မဲမသမာမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ်ချမှတ်ခံထားရခြင်း

ဖြစ်သည်။

"ကျွန်တော် သူ့အပေါ်မှာ တော်တော်ကြီးကို သက်ညှာပေးခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေအထိ မရောက်အောင် ကျနော်တို့ ကြိုးစားနိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်" ဟု သမ္မတ ဦးမင်းအောင်လှိုင်က အမေရိကန် အခြေစိုက် Time မဂ္ဂဇင်း၏ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ယခုနှစ် ဧပြီလတွင် ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ အနားယူကာ အရပ်သား သမ္မတ ဖြစ်လာခဲ့သည်။

ထိုအချိန်မှစပြီး သမ္မတဦးမင်းအောင်လှိုင်သည် ပြည်ပနိုင်ငံများနှင့် သံတမန်ရေးအရ ကြိုးပမ်းလှုပ်ရှားမှုများပြုလုပ်ခဲ့သော်လည်း နိုင်ငံအများအပြားကမူ အသက် ၈၁ နှစ်အရွယ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို ဆက်လက် စိုးရိမ်ပူပန်နေကြသည်။

သြဂုတ်လအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်သည့် ဦးမင်းအောင်လှိုင်၏ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာကြက်ခြေနီအဖွဲ့၏ အဆင့်မြင့် အရာရှိတစ်ဦးနှင့် တွေ့ဆုံနေသည့် ရှားပါး ဓာတ်ပုံများကို သမ္မတ ရုံးက ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ခြေရှိမှုသည် ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင်သာ မူတည်ကြောင်း၊ မိမိတို့ဘက်က ပြန်လည်စဉ်းစားသုံးသပ်စရာ အကြောင်းအရင်းများ ပေါ်ပေါက်လာခဲ့မည်ဆိုပါက အခြေအနေများ ပြောင်းလဲသွားနိုင်ကြောင်း သမ္မတဦးမင်းအောင်လှိုင်က Time မဂ္ဂဇင်းနှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ပြောကြားခဲ့သည်။

သမ္မတဦးမင်းအောင်လှိုင်သည် ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်အား အကျဥ်းထောင်မှ နေပြည်တော်ရှိ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။

"ဒီမိုကရေစီရဲ့ ပုံသဏ္ဌာန်က အမျိုးမျိုး ရှိပါတယ်။ အမေရိကန် ဒီမိုကရေစီ ရှိတယ်၊ ဥရောပ ဒီမိုကရေစီ ရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့ အမှန်တကယ် ကိုက်ညီတဲ့ ဒီမိုကရေစီ စနစ်တစ်ခု ရရှိစေဖို့ ကျွန်တော် သေချာပေါက် ဆောင်ရွက်သွားမှာပါ" ဟု သမ္မတဦးမင်းအောင်လှိုင်က Time မဂ္ဂဇင်းနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

Ref: The Straits Times

မူရင်းသတင်း — Eleven Media Group