Eleven Media Group

■ တရုတ်နိုင်ငံ၊ နန်နင်းမြို့ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပသည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီးမှ ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ (23rd CHINA-ASEAN EXPO-2026)သို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဒုတိယ ဝန်ကြီးချုပ် H.E Mr. Ding Xuexiang၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ ဒုတိယသမ္မတ(၁) ဦးညိုစော၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒေသတွင်း အာဆီယံနိုင်ငံများမှ နိုင်ငံတော်အဆင့် အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆တွင် ပဲခူးတိုင်းဒေသကြီး၏မြို့တော် ပဲခူးမြို့ကို နှစ်လိုဖွယ်ရာမြို့(City of Charm)အစီအစဉ်တွင် မိတ်ဆက်ပြသခြင်း ပြခန်းတွင် ပဲခူးတိုင်း ဒေသကြီးမှ သမီးပျိုများက ပျူယဉ်ကျေးမှုအက၊ ကဗျာလွတ်အက၊ မြန်မာ့ရိုးရာသင်္ကြန်အကနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုအကအလှတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်အပြင် ပဲခူးတိုင်းဒေသကြီး၏ စိုက်ပျိုးရေးထုတ်ကုန်များ တရုတ်နိုင်ငံနှင့် အာဆီယံဒေသတွင်းနိုင်ငံများတွင် ဈေးကွက်ပိုမိုရရှိစေရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ ဖိတ်ခေါ်ဆောင်ရွက်ခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးမှ ဒေသထွက်ကုန်ပစ္စည်းပြခန်း(၁၀)ခန်း၊ ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှ (၇၁)ခန်း၊ စုစုပေါင်း(၈၁)ခန်း ခင်းကျင်းပြသ၍ ပြည်ပဈေးကွက်များရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ (23rd CHINA-ASEAN EXPO-2026)တွင် ပဲခူးတိုင်းဒေသကြီးအနေဖြင့် (၁) BEST Exhibition Organizer ဆုတံဆိပ်နှင့် (၂) BEST National Pavilion တို့အား ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။

#(၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ #ပဲခူးတိုင်းဒေသကြီး #ဆုတံဆိပ်(၂)ခုဆွတ်ခူး #elevennews

မူရင်းသတင်း — Eleven Media Group