
Time မဂ္ဂဇင်းအနေဖြင့် မူလအင်တာဗျူးအတွင်း ပြောကြားခဲ့သည့် အကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာ ထင်ဟပ်ဖော်ပြခြင်းမရှိဘဲ အခြားအကြောင်းအရာများနှင့် သုံးသပ်ချက်များကို ထည့်သွင်းရေးသား ဖော်ပြခဲ့သည့်အပေါ် မီဒီယာကျင့်ဝတ်နှင့် မကိုက်ညီသည့် ရေးသားဖော်ပြမှုအဖြစ် ကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
Time မဂ္ဂဇင်းအနေဖြင့် မြန်မာအစိုးရက ပြည်ထောင်စုမပြိုကွဲရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် နိုင်ငံတော်၏ သမိုင်းဝင်အခန်းကဏ္ဍများ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ တိုးတက်အောင်မြင်မှုများကို “The Future of Myanmar” ခေါင်းစဉ်ဖြင့် မဂ္ဂဇင်းတွင် ဖော်ပြရန်အတွက် အင်တာဗျူးပြုလုပ်လိုကြောင်း မြန်မာသံရုံး၊ စင်ကာပူမှတစ်ဆင့် မေတ္တာရပ်ခံအဆိုပြုခဲ့ကြောင်း၊ Time မဂ္ဂဇင်းသည် နိုင်ငံတကာတွင် လူသိများသည့် မီဒီယာတစ်ခုဖြစ်သည့်အတွက် အဆိုပါမေတ္တာရပ်ခံချက်အပေါ် အပြုသဘောဖြင့် တုံ့ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတက Time မဂ္ဂဇင်း၏ သတင်းထောက် Charlie Campbell အား လက်ခံတွေ့ဆုံကာ မေးမြန်းခဲ့သည့် အကြောင်းအရာများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း၊ သို့သော် အဆိုပါအင်တာဗျူးကို Time မဂ္ဂဇင်း၏ Online Media တွင် ဖော်ပြရာ၌ မူလတွေ့ဆုံမေးမြန်းခဲ့သည့် အမေးအဖြေပုံစံအတိုင်း တင်ပြခြင်းမရှိဘဲ ဆောင်းပါးပုံစံဖြင့် ပြန်လည်ရေးသားဖော်ပြခဲ့သည့်အပြင် အင်တာဗျူးအတွင်း အမှန်တကယ်ဖြေကြားခဲ့သည့် အကြောင်းအရာများကိုလည်း ပြည့်စုံစွာ ထင်ဟပ်ဖော်ပြခဲ့ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့အပြင် မူလအင်တာဗျူးတွင် မပါဝင်သည့် အခြားပုဂ္ဂိုလ်များ၏ ပြောကြားချက်များ၊ တွေ့ဆုံမေးမြန်းမှုများနှင့် သုံးသပ်ချက်များကို ထည့်သွင်းဖော်ပြခဲ့ပြီး မြန်မာအစိုးရနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ အမြင်လွဲမှားစေနိုင်သည့် အသုံးအနှုန်းများနှင့် အပြုသဘောမဆောင်သော ရေးသားဖော်ပြချက်များကိုလည်း ထည့်သွင်းရေးသားထားကြောင်း ၊ ထိုသို့ မူလဆွေးနွေးသဘောတူညီထားသည့် အင်တာဗျူးအကြောင်းအရာများထက် အခြားအကြောင်းအရာများကို အလေးပေးဖော်ပြခြင်းသည် မီဒီယာကျင့်ဝတ် (Media Ethics) နှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိအပေါ် မေးခွန်းထုတ်စရာ ဖြစ်ပေါ်စေကြောင်း၊ နိုင်ငံတော်သမ္မတနှင့် Time မဂ္ဂဇင်းသတင်းထောက် Charlie Campbell တို့အကြား ပြုလုပ်ခဲ့သည့် မူရင်းအမေးအဖြေများကိုလည်း ဆက်လက်ထုတ်လွှင့်ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ယင်းကြောင့် Time မဂ္ဂဇင်း၏ သတင်းထောက် Charlie Campbell အနေဖြင့် မူလအင်တာဗျူးအတွင်း ပြောကြားခဲ့သည့် အကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာ ထင်ဟပ်ဖော်ပြခြင်းမရှိဘဲ အခြားအကြောင်းအရာများနှင့် သုံးသပ်ချက်များကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်အပေါ် မီဒီယာကျင့်ဝတ်နှင့် မကိုက်ညီသည့် ရေးသားဖော်ပြမှုအဖြစ် ကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်သည်။