
■ လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင် ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
■ စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကိုအကြောင်းပြ၍ ပေးအပ်ထားသည့် အခွင့်အာဏာကို မလျော်ကန်စွာ အသုံးချနေခြင်းများကြောင့် တရားမဝင်ကုန်စည်စီးဆင်းမှုများ ဖြစ်ပေါ်လျက်ရှိကာ အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူလူထုအနေဖြင့်ခံစားနေရကြောင်းနှင့် ၎င်းကိစ္စရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်လိုဟုဆို
လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင် ဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့(စက်တင်ဘာ ၂၃ ရက်)နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံ စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ကြသည်မှာ ခြောက်လတာကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ရွေးကောက်ခံ အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ မိမိတို့၏အတွေ့အကြုံကောင်းများကိုအသုံးချ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူလူထု၏လူမှုစီးပွားဘဝ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ အပါအဝင် ဖွံ့ဖြိုး တိုးတက်လာစေရေး အမြဲမပြတ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့ပြင် လတ်တလော ပြည်သူလူထုရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလည်း မိမိတို့ ဒေသအလိုက် တာဝန်ရှိသူများက လုပ်သင့်လုပ်ထိုက်သည်များကို အမှန်တကယ်လုပ်ကိုင် ဖြေရှင်းပေးနိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့ဒေသအလိုက် ဝမ်းစာဖူလုံမှုရှိစေရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသလိုအပ်ချက်အပေါ်မူတည်၍ စနစ်တကျတွက်ချက်ကာ တိုးချဲ့ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဓိကလိုအပ်နေသည်မှာအားလုံးက အမှန်တကယ် အလုပ်လုပ်ကြရန်ဖြစ်ကြောင်း၊ ဒေသတွင်းစားရေးဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခွင့်ပြုချထားပေးသည့် မြေနေရာများကိုလည်း မှန်မှန်ကန်ကန် အသုံးချမှုမရှိဘဲ အခြားနည်းများဖြင့် တလွဲအသုံးချနေခြင်းများကိုလည်း ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့် စနစ်တကျ ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတူ ဒေသအလိုက် လုံခြုံရေးပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ တရားမဝင် ကုန်စည်စီးဆင်းမှု တိုက်ဖျက်ရေးအရသော်လည်းကောင်း ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များရှိကြောင်း၊ အဆိုပါ စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးကိုအကြောင်းပြ၍ ပေးအပ်ထားသည့် အခွင့်အာဏာကို မလျော်ကန်စွာ အသုံးချနေခြင်းများရှိနေကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်စည်စီးဆင်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူလူထုအနေဖြင့်ခံစားနေကြရကြောင်း၊ အဆိုပါကိစ္စရပ်များကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားကြရန်နှင့် တရားဥပဒေချိုးဖောက်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် အလေးအနက်ထား မှာကြားလိုကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးသည့် မြေအခြေအနေ၊ ရာသီဥတု အခြေအနေများအပေါ်မူတည်ပြီး နိုင်ငံတကာနှင့်ချိန်ထိုး၍ နှစ်ပေါင်းများစွာအချိန်ယူကာ စနစ်တကျသုတေသနပြု လေ့လာဆန်းစစ် တွက်ချက်ပြီး ပန်းတိုင်ရည်မှန်းချက်ကို သတ်မှတ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဆီဖူလုံမှုနှင့် ပတ်သက်၍ ဆီထွက်သီးနှံများအား ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်း စားသုံးဖူလုံနိုင်မည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် ပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်း၊ ဆီထွက်သီးနှံများအား ဆီကြိတ်ခွဲခြင်းမပြုလုပ်ဘဲ မိရိုးဖလာစားသုံးမှု၌ အသုံးပြုခြင်း၊ မြေပဲ၊ နှမ်း တို့ကို ကုန်ကြမ်းအဆင့်ဖြင့်ပင် ပြည်ပသို့တင်ပို့ခြင်းများလည်း ဆောင်ရွက်နေကြရသည်ကိုလည်း တွေ့မြင် ရကြောင်း၊ သို့ဖြစ်၍ ပြည်တွင်းဆီဖူလုံမှုရှိစေရေး မိမိတို့အနေဖြင့် ဆီထွက်သီးနှံများ အမှန်တကယ် စိုက်ပျိုးကြရန်နှင့် တစ်ဧကအထွက်နှုန်းအတိုင်းထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက် သွားကြမည် ဆိုပါက ပြည်ပမှစားသုံးဆီများ နှစ်စဉ်တင်သွင်းနေရမှုကိုများစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဆီထွက်သီနှံများဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲ၊ ပဲပုတ် နှင့် ဆီအုန်း စသည့် သီးနှံများကို မိမိတို့နိုင်ငံတွင် အဓိကစိုက်ပျိုးကြောင်း၊ အဆိုပါအဓိက ဆီထွက်သီးနှံများကို အမှန်တကယ် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုး၊ ထုတ်လုပ်ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကိုများစွာအထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခင်က မြေနေရာများစွာကို ခွင့်ပြုပေးထားသော်လည်း ဆီအုန်းစိုက်ပျိုးမှုနှင့် ပတ်သက်၍ အားနည်းချက် များစွာ ရှိနေသေးသည်ကိုတွေ့ရှိရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းများ အောင်မြင်အောင်စိုက်ပျိုး၍ စားသုံးဆီများကိုထုတ်လုပ်နိုင်မည်ဆိုပါက တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့အတွက် ဒေသတွင်းစားသုံးဆီများဖူလုံစွာရရှိမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
ယင်းအပြင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အဓိကနည်းလမ်းလေးသွယ် ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း ကိုစနစ်တကျဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရ န်အတွက် Contract Farming စနစ်ဖြင့် ဆောင်ရွက်နိုင်သော်လည်း တောင်သူများတစ်ဦးချင်း၏ အကျိုးကို ပိုမိုဖော်ဆောင်နိုင်ရေးအတွက် မြန်မာ့အစဉ်အလာနှင့် ကိုက်ညီသည့် စုပေါင်းသမဝါယမ စနစ်ကို ဖော်ဆောင်ပြီး တောင်သူများစုပေါင်းစိုက်ပျိုးသည့်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားရန်လိုကြောင်း၊ ထိုသို့တောင်သူများစုပေါင်းစိုက်ပျိုးရန်အတွက် လိုအပ်သည့် စိုက်ပျိုးရေး ချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် သတ်မှတ်ချက်များအတိုင်း စနစ်တကျ ထုတ်ချေး ပေးလျက်ရှိကြောင်း၊ သီးထပ်စွမ်းအားမြှင့်တင်ရေးနှင့် ပတ်သက်၍ဆောင်ရွက်ရာတွင်လည်း အခြေခံကိန်းဂဏန်း အချက် အလက်များ မှန်ကန်ရန်လိုကြောင်း၊ သီးထပ်စွမ်းအားတိုးတက်လာ စေရေးဆောင်ရွက်ရာတွင် ရာသီ ဥတုနှင့် မြေအနေအထားကိုက်ညီသည့် သီးနှံများကို အချိန်မီစိုက်ပျိုးဆောင်ရွက်သွားရန် လိုကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
စိုက်ပျိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာ ရရှိစေရေး အတွက်လည်း ပြည်ပမှတင်သွင်းခွင့်များကို အခွန်ကင်းလွတ်တင်သွင်းခွင့် ပြုပေးထားကြောင်း၊ မြေပြုပြင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ဓာတ်မြေဩဇာများထည့်သွင်းရန် လိုအပ်သကဲ့သို့ တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများ အသုံးပြု၍ ဇီဝမြေဩဇာအဖြစ်အသုံးပြုခြင်း၊ ပိုက်ဆံလျှော်ပင်များ၊ ဉာဏ်ပင်များစိုက်ပျိုး၍ သဘာဝမြေဩဇာအဖြစ်အသုံးပြုခြင်းများကို ဆောင်ရွက်သွားနိုင်ကြောင်း၊ စိုက်ပျိုးရေများလုံလောက်စွာရရှိရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကောက်ကွက် များ ပြည့်မီစေရေး စံသတ်မှတ်ချက်များအတိုင်း စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး နိုင်ငံတော်မှ လိုအပ်သည်များဖြည့်ဆည်းပေးလျက် ရှိသကဲ့သို့ စိုက်ပျိုးတောင်သူများအနေဖြင့်လည်း တစ်ဧကအထွက်နှုန်း တိုးတက်စေရေးတစ်ဦးချင်း ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။