
ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းကို အကူအညီမပေးနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်ရောက်ရင် လက်ရွေးစင်ကစားသမားဘဝက အနားယူမယ်လို့ ပြောကြားခဲ့ပါတယ်။
အသက်(၄၁)နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းအတွက် (၂၃၃)ပွဲကစားကာ (၁၄၆)ဂိုး သွင်းယူထားသူဖြစ်ပြီး ပွဲအများဆုံးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။
''ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေ၊ အနာဂတ်နဲ့ ပစ္စုပ္ပန်အကြောင်း ကျွန်တော် အမြဲတမ်း စဉ်းစားပါတယ်။ အသင်းဥက္ကဋ္ဌ၊ နည်းပြတွေနဲ့လည်း ဆွေးနွေးပါတယ်။ လက်ရွေးစင်အသင်း လိုချင်တဲ့နေရာကို ရောက်ရှိဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေတုန်းပါပဲ။ ဘာမှ မလုပ်ပေးနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန်ရောက်ရင် ကျွန်တော် အနားယူမှာပါ'' လို့ စီရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။
စီရော်နယ်လ်ဒိုက လက်ရှိအချိန်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး(၉၇၉)ဂိုး သွင်းယူထားပြီး ဂိုး(၁၀၀၀)ပြည့်သွင်းယူနိုင်ဖို့ ရည်မှန်းထားတာကြောင့် လက်ရွေးစင်ကစားသမားဘဝက အနားမယူသေးခြင်းဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိနေပေမဲ့ အသင်းကို ကူညီပေးဖို့ ဆက်ရှိနေခြင်းဖြစ်ကြောင်း စီရော်နယ်လ်ဒိုက ပြောကြားခဲ့တာပါ။
ပေါ်တူဂီပရိသတ်အများစုကတော့ စီရော်နယ်လ်ဒိုအနေနဲ့ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားဖို့ မသင့်တော်တော့ဘဲ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားသင့်တယ်လို့ ယူဆနေကြကြောင်း သိရပါတယ်။