Eleven Media Group

အကြမ်းဖက်ဖြစ်စဉ်များကြောင့် နှစ်နှစ်ကျော် ဓာတ်အားပြတ်တောက်ခဲ့သည့် ကျောက်မဲနှင့် သီပေါမြို့နယ်များ၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ

အကြမ်းဖက်ဖြစ်စဉ်များကြောင့် နှစ်နှစ်ကျော် ဓာတ်အားပြတ်တောက်ခဲ့သည့် ကျောက်မဲနှင့် သီပေါမြို့နယ်များ၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်များအတွင်း အကြမ်းဖက်များ၏ ဖျက်ဆီးမှုများကြောင့် ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း၊ ၃၃ ကေဗွီ သီပေါ-ကျောက်မဲ ဓာတ်အားလိုင်း၊ ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ သုံးရုံ၊ ဖြန့်ဖြူးရေးဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ထိခိုက်ပျက်စီး၍ ၂၀၂၄ ခုနှစ် ဇွန် ၂၅ ရက်တွင် ကျောက်မဲမြို့နှင့် ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်တွင် သီပေါမြို့တို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြတ်တောက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်နှင့် သီပေါမြို့များအား တပ်မတော်မှ ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ထိခိုက်ပျက်စီးသွားသည့် ၆၆ ကေဗွီ သီပေါဓာတ်အားခွဲရုံ၊ ၃၃ ကေဗွီ ကျောက်မဲ(ပန်းပေါင်း) ဓာတ်အားခွဲရုံ၊ ၆၆ ကေဗွီ မန်စံ-သီပေါ ဓာတ်အားလိုင်း၊ ၃၃ ကေဗွီ သီပေါ-ကျောက်မဲ ဓာတ်အားလိုင်း၊ ကျောက်မဲမြို့နှင့် သီပေါမြို့များရှိ ၁၁ ကေဗွီနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများနှင့် ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာများအား ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်အစိုးရရန်ပုံငွေများဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းများက တာဝန်ယူ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သီပေါမြို့တွင် ၆၆၅ ကီလိုဝပ်နှင့် ၂၀၀ ကီလိုဝပ် ဒီဇယ်ဓာတ်အားပေးစက်နှစ်လုံးဖြင့် အရေးကြီးနေရာ များကိုလည်းကောင်း၊ ကျောက်မဲမြို့အား ၂ မဂ္ဂါဝပ် နမ့်စောင်းငေါင်း အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဖြင့် စာသင်ကျောင်း၊ ဆေးရုံ၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများနှင့် ဘာသာရေးအဆောက်အအုံများကိုလည်းကောင်း ယာယီအချိန်ပိုင်း ဓာတ်အားဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ပြည်သူများအား လျှပ်စစ်မီးအမြန်ဆုံး ပြန်လည်ဖြန့်ဖြူးနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာ၂၂ ရက် နံနက် ၁၁ နာရီတွင် ကျောက်မဲဓာတ်အား ခွဲရုံမှ မြို့ပေါ် ခုနစ်ရပ်ကွက်အပါအဝင် ကျောက်မဲပြည်သူ့ဆေးရုံ၊ ဌာနဆိုင်ရာရုံး ၂၉ ရုံး၊ စာသင်ကျောင်း ခြောက်ကျောင်းတို့ကိုလည်းကောင်း၊ သီပေါဓာတ်အားခွဲရုံမှ မြို့ပေါ် ၁၀ ရပ်ကွက် အပါအဝင် သီပေါပြည်သူ့ဆေးရုံ၊ ဌာနဆိုင်ရာရုံး ၂၁ ရုံး၊ စာသင်ကျောင်း ခုနစ်ကျောင်းတို့ အားလည်းကောင်း နိုင်ငံတော်ဓာတ်အား စနစ်ဖြင့် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဆက်လက်၍ ကျန်နေရာများကိုလည်း ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့သည့် လျှပ်စစ်ကဏ္ဍ အခြေခံအဆောက်အအုံ စက်ရုံ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအား နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မူရင်းသတင်း — Eleven Media Group