Eleven Media Group

ဒိန်းမတ်ကွင်းလယ်ကစားသမား အဲရစ်ဆင် ဝုဖ်ဘတ်အသင်းနဲ့ လမ်းခွဲ

Photo: X

အသက်(၃၄)နှစ်ရှိပြီဖြစ်တဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ဝုဖ်ဘတ်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
အဲရစ်ဆင်ဟာ အေဂျက်စ်၊ စပါး၊ အင်တာမီလန်၊ ဘရန့်ဖို့ဒ်နဲ့ မန်ယူအသင်းတွေမှာလည်း ကစားခဲ့ဖူးသူဖြစ်ပြီး ယူရို-၂၀၂၀ ပြိုင်ပွဲ ယှဉ်ပြိုင်စဉ် နှလုံးရောဂါကြောင့် ကွင်းအတွင်း လဲကျခဲ့ဖူးသူပါ။
ဒီဖြစ်ရပ်ကြောင့် (၈)လဝန်းကျင် အနားယူခဲ့ရသလို၊ အင်တာမီလန်အသင်းနဲ့လည်း လမ်းခွဲခဲ့ရပေမဲ့ အဲရစ်ဆင်က ကစားသမားဘဝက အနားမယူခဲ့ပါဘူး။
အဲရစ်ဆင်က နှလုံးအကူစက် တပ်ဆင်ကာ ဘောလုံးဆက်ကစားနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လက ယူကရိန်းနဲ့ ခြေစမ်းပွဲမှာ ကွင်းအတွင်း ထပ်မံလဲကျခဲ့တာကြောင့် ဝုဖ်ဘတ်အသင်းနဲ့ လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အဲရစ်ဆင်က ၂၀၂၅ နွေရာသီမှာ ဝုဖ်ဘတ်အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်သက်တမ်းထပ်တိုးနိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ဝုဖ်ဘတ်အသင်းအတွက် (၃၄)ပွဲ ကစားအပြီးမှာ လမ်းခွဲခဲ့တာဖြစ်ပြီး မိသားစုနဲ့ နီးနီးကပ်ကပ်ရှိနေပေးဖို့ လိုအပ်တာကြောင့်ဖြစ်ကြောင်း အဲရစ်ဆင်က အကြောင်းပြချက်ပေးခဲ့ပါတယ်။
အဲရစ်ဆင်က ကစားသမားဘဝက အနားယူဖို့တော့ မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group