
စက်တင်ဘာ - ၂၄ ( ကြာသပတေးနေ့ )
တရုတ်သမ္မတ ရှီကျင့်་ဖျင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ အရေးကြီးတဲ့ ထိပ်သီးဆွေးနွေးပွဲ တွေ လုပ်ဖို့အတွက် ဝါရှင်တန်မြို့ကို ရောက်ရှိလာပါပြီ။ နှစ်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ကုန်သွယ်ရေး၊ ထိုင်ဝမ် အရေး၊ အီရန်အရေး နဲ့ ဉာဏ်ရည်တု (အေအိုင်) စတဲ့ အငြင်းပွားစရာကိစ္စတွေကို အဓိကထား ဆွေးနွေးကြဖို့ ပြင်ဆင်နေချိန်မှာပဲ သမ္မတရှီကို ထရမ့်က ထူးထူးခြားခြား ကြီးကျယ်ခမ်းနားတဲ့ ကိုယ်တိုင်ကြိုဆိုမှုကိုပါ ပြုလုပ်ပေးခဲ့ပါတယ်။
သမ္မတထရမ့် နဲ့ ဇနီး မယ်လာနီးယားတို့ဟာ သမ္မတရှီနဲ့ ဇနီး ပန်လီယွမ်တို့ကို သမ္မတအိမ်ဖြူတော်က စောင့်ကြိုနေမယ့်အစား အန်ဒရူးပူးတွဲစစ်အခြေစိုက်စခန်း မှာ ကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့ကြပါတယ်။ အဲ့ဒီကြိုဆိုပွဲမှာ ပေ ၁၀၀ ရှည်တဲ့ ကတ္တီပါနီခင်းပေးထားပြီး စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးတပ်ရဲ့ လေးစားပြုမှုကို ခံယူခဲ့ကြသလို ကြိုဆိုတဲ့အနေနဲ့ B-1 ဘုံးကြဲလေယာဉ်နှစ်စင်းကလည်း အထူးပျံသန်းပြသခဲ့ပါသေးတယ်။ တရုတ်ဘက်က ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဒီလိုမျိုးခမ်းနားတဲ့ ကြိုဆိုမှုကို သဘောကျ နှစ်သက်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထရမ့်က နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အခုလို ရောက်ရှိလာတာနဲ့အတူ နှစ်နိုင်ငံကြား တင်းမာမှုတွေ ပြေလျော့လာတဲ့ အခြားလက္ခဏာတစ်ခု လည်း ထွက်ပေါ်လာပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့် က ဝါရှင်တန်နဲ့ ဘေကျင်းတို့ဟာ လက်ရှိကုန်သွယ်ရေးစစ်ပွဲ အပစ်အခတ်ရပ်စဲထားမှုကို ဇန်နဝါရီလ ၁၀ ရက်နေ့အထိ သက်တမ်းတိုးဖို့ သဘောတူညီခဲ့ကြပြီလို့ ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်အရ နှစ်ဖက်စလုံးက အကောက်ခွန်တွေကို လျှော့ချထားကြပြီး ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နေဆဲကာလမှာ တားမြစ်ကန့်သတ်ချက်အသစ်တွေ ထပ်မလုပ်ဘဲ ထိန်းသိမ်းနေကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ တရုတ်သမ္မတ ရှီကျင့်་ဖျင်တို့ဟာ ကြာသပတေးနေ့မှာ အိမ်ဖြူတော်မှာ နောက်ထပ် ကြိုဆိုရေးအခမ်းအနားနဲ့ စစ်ရေးပြစစ်ဆေးမှုတွေ လုပ်ပြီးသွားရင်တော့ အဓိကကျတဲ့ အရေးကြီးဆွေးနွေးပွဲတွေကို ဆက်လက်လုပ်ဆောင်ကြဖို့ ရှိပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတော်အဆင့် ဧည့်ခံညစာစားပွဲကို ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။ အာတီ သတင်းဌာန သတင်းထောက် ရဲ့ သုံးသပ်ချက်အရတော့ အခုလို ခမ်းနားတဲ့ ကြိုဆိုမှုတွေ ရှိနေပေမဲ့ ခေါင်းဆောင်နှစ်ဦး စလုံးဟာ အင်အားကြီးတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ဖိအားပေးနိုင်စွမ်းကို အသီးသီး ကိုင်စွဲပြီးမှ ဒီဆွေးနွေးပွဲကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။
အမေရိကန်ဘက်က ကိုင်တွယ်လာတဲ့ အသစ်စက်စက် ညှိနှိုင်းစရာ လက်နက်တစ်ခုကတော့ ပြီးခဲ့တဲ့တစ်ပတ်က သမ္မတထရမ့် လက်မှတ်ရေးထိုးခဲ့တဲ့ ပိတ်ဆို့အရေးယူမှု ဥပဒေပဲ ဖြစ်ပါတယ်။ ဒီဥပဒေအရ ရုရှားနိုင်ငံရဲ့ စွမ်းအင်တွေကို အဓိကတင်သွင်းနေတဲ့ နိုင်ငံတွေ (တရုတ်နိုင်ငံတောင် ပါဝင်နိုင်ပါတယ်) အပေါ် အမေရိကန်သမ္မတအနေနဲ့ အကောက်ခွန် ၁၀၀ ရာခိုင်နှုန်းအထိ တင်ကောက်ခွင့် ရှိလာပါတယ်။
ထိုင်ဝမ်ကလည်း နောက်ထပ် ပဋိပက္ခဖြစ်လာနိုင်ခြေရှိတဲ့ အဓိကနေရာတစ်ခုပါပဲ။ သမ္မတထရမ့် ဟာ ထိုင်ဝမ်အတွက် တန်ဖိုးအားဖြင့် ဒေါ်လာ ၁၄ ဘီလီယံနီးပါး ရှိတဲ့ လက်နက်ရောင်းချရေး အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ပြီး၊ ဘေကျင်းနဲ့ ဆက်ဆံရာမှာ လက်နက်ရောင်းချမှုကို ညှိနှိုင်းစရာ ကိရိယာတစ်ခုအနေနဲ့ သုံးတယ်လို့ ပွင့်ပွင့်လင်းလင်းကို ပြောထားပါတယ်။
ဒါပေမဲ့ တရုတ်ဘက်မှာလည်း အရေးကြီးတဲ့ သတ္တုတွင်းထွက်ပစ္စည်းတွေနဲ့ မြေရှားသတ္တုတွေဆိုတဲ့ ကိုယ်ပိုင် အင်အားကြီး လက်နက်တွေ ရှိနေပါတယ်။ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ရဲ့ ၂၀၂၄ ခုနှစ် စာရင်းတွေအရ တရုတ်နိုင်ငံဟာ သံလိုက်လုပ်ဖို့ မြေရှားသတ္တု သန့်စင်ထုတ်လုပ်မှုမှာ ကမ္ဘာ့စုစုပေါင်းရဲ့ ၉၁ ရာခိုင်နှုန်းနီးပါးနဲ့ အမြဲတမ်းသံလိုက် ထုတ်လုပ်မှုမှာ ၉၄ ရာခိုင်နှုန်းအထိကို ချုပ်ကိုင်ထားပါတယ်။ ဒီလိုပစ္စည်းတွေဟာ ကားတွေ၊ အီလက်ထရွန်နစ်ပစ္စည်းတွေနဲ့ ခေတ်မီစစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာ တွေအတွက် လုံးဝကို မရှိမဖြစ် အရေးပါလှပါတယ်။
ဒီလို မှီခိုနေရတဲ့ အခြေအနေဟာ အီရန်နဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း လျော့ပါးသွားတဲ့ လက်နက်ခဲယမ်း လက်ကျန်တွေကို အမေရိကန် ပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေမှုနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ရေဒါစနစ်တွေနဲ့ တခြားစစ်ဘက်ဆိုင်ရာ အီလက်ထရွန်နစ် ပစ္စည်းတွေမှာ သုံးတဲ့ စွမ်းဆောင်ရည်မြင့် သံလိုက်တွေအတွက် တာဘီယမ် လိုမျိုး လေးလံတဲ့ မြေရှားသတ္တုတွေကို အသုံးပြုကြပြီး တရုတ်က ဒီပစ္စည်းတွေ ထုတ်လုပ်ပြုပြင်မှုကို အဓိက ချုပ်ကိုင်ထားပါတယ်။
ဒါကြောင့် အီရန်နိုင်ငံကိုယ်တိုင်ကလည်း နှစ်နိုင်ငံကြား နောက်ထပ် ညှိနှိုင်းစရာ ကိစ္စရပ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အီရန်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခထဲမှာ ပိုပြီး အနက်ရှိုင်းဆုံး မပါဝင်ဖို့ သမ္မတရှီကို တောင်းဆိုခဲ့ကြောင်း သမ္မတထရမ့်က လူသိရှင်ကြား ပြောကြားထားသလို၊ ဝါရှင်တန်ဘက်ကလည်း တရုတ်-တီဟီရန် စီးပွားရေးအရ ဆက်ဆံမှုတွေကို ကန့်သတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဉာဏ်ရည်တု (AI) နည်းပညာကတော့ နှစ်နိုင်ငံကြားက နောက်ထပ် အဓိက ယှဉ်ပြိုင်ရမယ့် နယ်ပယ် တစ်ခု ဖြစ်ပါတယ်။ အမေရိကန်က အဆင့်အမြင့်ဆုံး ချစ်ပ်တွေဆီ ဝင်ရောက်သုံးစွဲနိုင်မှုကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ပေမဲ့ တရုတ်ကုမ္ပဏီတွေကတော့ ကုန်ကျစရိတ်သက်သာတဲ့ အေအိုင် မော်ဒယ်တွေ နဲ့ ကွာဟချက်ကို တဖြည်းဖြည်း ကျဉ်းမြောင်းလာအောင် လုပ်ဆောင်နေကြပါတယ်။ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်မှာပဲ ဘဏ္ဍာရေးဝန်ကြီး ဘတ်ဆန့် က အမေရိကန်နဲ့ တရုတ် အစိုးရနှစ်ရပ်အနေနဲ့ အမေရိကန်-တရုတ် အေအိုင်ဆွေးနွေးပွဲတစ်ခု ထူထောင်ဖို့နဲ့ အေအိုင် နဲ့ပတ်သက်တဲ့ ပြင်းထန်တဲ့ ဖြစ်ရပ်တွေ ပေါ်လာရင် အချင်းချင်း အပြန်အလှန် အသိပေးမယ့် စနစ်တစ်ခု ဖန်တီးဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။
အဲ့ဒိလို အနေအထားမှာ အမေရိကန်က ၎င်းရဲ့ စစ်ရေးပါဝါတွေကို သုံးပြီး ဝှက်ဖဲကို ကိုင်ထားနိုင်မလား၊ တရုတ်က သဘာဝသံယံဇာတဝှက်ဖဲကို ကိုင်ပြီး အမေရိကန်ရဲ့ပါဝါကို ထိန်းညှိထားနိုင်မလားကိုတော့ စောင့်ကြည့်ရဦးမှာပါ။
Ref: RT
#News #Myanmar