Myanmar National Post

အမေရိကန်က ကျူးကျော်လာနိုင်လို့ စစ်ရေးပြင်ဆင်မှုတွေ လုပ်ခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ဆို


စက်တင်ဘာ - ၂၄ ( ကြာသပတေးနေ့) 

ကနေဒါနိုင်ငံအပေါ် အမေရိကန်က စစ်ရေးအရ ကျူးကျော်လာနိုင်ခြေရှိတဲ့ အခြေအနေအတွက် ကနေဒါအစိုးရ တာဝန်ရှိသူတွေအနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်ပတ်လုံး ပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်လို့ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး က နိုင်ငံတကာ သတင်းစာတစ်စောင်ဖြစ်တဲ့ နယူးယောက်ခ်တိုင်းမ် နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အဖြစ် သွပ်သွင်းလိုတဲ့ ဆန္ဒရှိကြောင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အော်တိုဝါ (ကနေဒါအစိုးရ) က တာဝန်ရှိသူတွေအနေနဲ့ ဒီလို အခြေအနေမျိုးကို စဉ်းစားတွေးခေါ်ခဲ့ဖူးလားလို့ မေးမြန်းတဲ့အခါမှာ ဝန်ကြီးချုပ်က - “ဒီလို ရာထူးတာဝန်တွေ ထမ်းဆောင်နေတဲ့အခါ ဖြစ်လာနိုင်ခြေ အလွန်နည်းပေမဲ့ အစွန်းရောက် ဆိုးရွားတဲ့ အန္တရာယ်မျိုး တွေကိုပါ ကြိုတင်စဥ်းစားတွေးခေါ်ဖို့ တာဝန်ရှိပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ “အဲ့ဒါက ရိုးရိုးရှင်းရှင်း စွန့်စားမှုအတွက် တွက်ချက် စီမံတာပါပဲ။ ဖြစ်လာမယ်လို့ လုံးဝ ရည်မှန်းထားတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ မပြင်ဆင်ဘဲနေရင်တော့ တာဝန်မဲ့ရာကျသွားမှာပေါ့” လို့ သူက ထပ်လောင်းပြောခဲ့ပါတယ်။

ဒါ့အပြင် ကနေဒါဝန်ကြီးချုပ်က သူတို့နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ စတားလင့်ခ် ဂြိုဟ်တု ဆက်သွယ်ရေး စနစ်အပေါ် စစ်ရေးအရ မှီခိုနေရမှုကို လျှော့ချချင်တယ်လို့လည်း ဆိုပါတယ်။ “စတားလင့်ခ် ကိုတော့ လုံးဝ ဖယ်ရှားပြီး တခြားနည်းလမ်းတွေနဲ့ အစားထိုးသွားမှာပါ၊ ဒီကိစ္စမှာ သံသယရှိစရာ မလိုပါဘူး” လို့ သူက အလေးအနက် ပြောကြားခဲ့ပါတယ်။ ကနေဒါအနေနဲ့ ဒီကဏ္ဍမှာ ဥရောပနိုင်ငံတွေနဲ့ တောင်ကိုရီးယားနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့လည်း ကာနေးက ရှင်းပြခဲ့ပါတယ်။


REF: Tass

#News #Myanmar 

မူရင်းသတင်း — Myanmar National Post