Eleven Media Group

တရုတ်၏ သံတမန်ရေးအနီရောင်စည်း (သို့မဟုတ်) “တရုတ်တစ်နိုင်ငံတည်းမူဝါဒ”

ယေဘူယျအားဖြင့်ပြောရမည်ဆိုလျှင် ယနေ့ကမ္ဘာ့နိုင်ငံတကာဆက်ဆံရေးနှင့် ကမ္ဘာ့အခင်းအကျင်းသည် ဒုတိယကမ္ဘာစစ်အပြီးကာလတွင် တည်ဆောက်သော သံခင်းတမန်ခင်းဆက်ဆံရေးနှင့် နိုင်ငံတကာအခင်းအကျင်းဖြစ်သည်။ တန်းတူညီမျှ၍ အပြန်အလှန်လေးစားမှုရှိသော သံတမန်ဆက်ဆံရေးများတည်ထောင်၍ အေးချမ်းတည်ငြိမ်သည့် နိုင်ငံတကာအခင်းအကျင်းကို ကုလသမဂ္ဂ၏အဓိကအခန်းကဏ္ဍဖြင့် တည်ဆောက်ထားခဲ့ကြသည်မှာ ကမ္ဘာလုံးဆိုင်ရာ ဘုံအကျိုးစီးပွားလည်းဖြစ်သည်။

သို့သော်လည်း မကြာသေးခင်နှစ်များအတွင်းကစတင်ကာ ကမ္ဘာ့အခင်းအကျင်းသည် ပြင်းထန်သည့် ပထဝီနိုင်ငံရေးအားပြိုင်မှု၊ ပထဝီစီးပွားရေးအားပြိုင်မှုများအကြား အလှုပ်အခတ်များစွာ၊ ရန်လိုမုန်းထားမှုများစွာ၊ ရန်စမှုများစွာတို့ကို ရန်ဆိုင်လာကြရသည့်အပြင် စစ်ရှုံးတိုင်းပြည်ဖြစ်သည့် ဂျပန်ကလည်း စစ်အင်အားတိုးချဲ့ခြင်းနှင့် ဒုတိယကမ္ဘာစစ်အပြီး တည်ဆောက်သောဖြစ်တည်မှုများကို မလေးမစားပြုလုပ်ခြင်းများကိုပင် လုပ်ဆောင်လာခဲ့သည်။

အရိုးရှင်းဆုံးပြောရလျှင် ဆိုဗီယက်ယူနီယံပြိုကွဲပြီးသည့်နောက်ပိုင်း ကမ္ဘာတွင် အမေရိကန်တစ်ဦးတည်း လွှမ်းမိုးသည့် American exceptionalism ကျင့်သုံးနေစဉ်ကာလတွင် တရုတ်နိုင်ငံသည် အရှေ့အရပ်တွင် ငြိမ်းချမ်းစွာတိုးတက်၍ အင်အားကြီးထွားလာခဲ့သည်။ ယခုအခါ တရုတ်နိုင်ငံ၏ဦးဆောင်မှုအောက်တွင် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ၏ အခန်းကဏ္ဍအတူတကွမြင့်တက်လာခြင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး၊ စစ်ရေး၊ နည်းပညာ၊ ယဉ်ကျေးမှုအစစအရာရာ သာလွန်ကောင်းမွန်လာခြင်းများကြောင့် တရုတ်နိုင်ငံကို အမေရိကန်ဦးဆောင်သောကမ္ဘာက ခြိမ်းခြောက်မှုအဖြစ်မြင်လာသည်။

■ သံတမန်ရေးအနီရောင်စည်း

တရုတ်နိုင်ငံနှင့် သံတမန်ရေးတည်ဆောက်သော မည်သည့်တိုင်းပြည်မဆို “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို လေးစားလိုက်နာရခြင်းမှာ တရုတ်နိုင်ငံနှင့်သံတမန်ရေးတည်ဆောက်ခြင်း၏ အခြေခံအကျဆုံး သဘောတူညီချက်ဖြစ်သည်။ သို့သော်လည်း မျက်နှာနှစ်ဖက်နှင့် တိုင်းပြည်အချို့က တရုတ်နှင့်သံတမန်ရေး တည်ဆောက်ထားသည့်ကြားကပင် တရုတ်နိုင်ငံကို ရန်စချင်ကြသည့်အခါနှင့် တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေလိုသည့်အခါတွင် ထိုအနီရောင်စည်းဖြစ်သော “တရုတ်တစ်နိုင်ငံတည်းမူဝါဒ”ကို ထိပါးလေ့ရှိကြသည်။ မထိတထိစော်ကားလေ့ရှိကြသည်။ အင်မတန်အောက်တန်းကျသော သံတမန်ရေးသိက္ခာမဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ မရိုးတမ်းလုပ်ကိုင်သည့်နည်းလမ်းများတွင် “ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ခွဲခြား၍မရသော နယ်မြေအစိတ်အပိုင်း”အဖြစ် လက်ခံထားကြသော်လည်း “တရုတ်နိုင်ငံကထိုင်ဝမ်ကိုသိမ်းပိုက်လျှင် သူတို့လည်းထိုင်ဝမ်ဘက်ကဝင်ပါမည်”၊ “ထိုင်ဝမ်ဒီမိုကရေစီအရေး အောင်မြင်ပါစေ” အစရှိသဖြင့် အမှန်တကယ်တွင်ရလဒ်မထွက်မည့်နည်းလမ်းများဖြင့် တရုတ်နိုင်ငံအား စိတ်အနှောင့်အယှက်ဖြစ်စေခြင်း၊ တရုတ်နိုင်ငံ၏ ရေလက်ကြားနှစ်ဖက်ဆက်ဆံရေးကို မတည်ငြိမ်စေခြင်းများကို လုပ်ဆောင်လေ့ရှိကြသည်။

ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းချက်သည် ဘယ်သောအခါမှရလဒ်ထွက်မည့် လုပ်ဆောင်ချက်မဟုတ်ပေ။ အဘယ့်ကြောင့်နည်း။ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” နှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရပ်တည်ချက်၊ ယုံကြည်ချက်နှင့် ကြိုးပမ်းအားထုတ်ခဲ့ရသည်များကို စာရေးသူလေ့လာမိသလောက်ပြန်လည်၍ မျှဝေလိုပါသည်။

■ ကုလသမဂ္ဂ၌ တရုတ်တစ်နိုင်ငံတည်းမူဝါဒအားအတည်ပြုခြင်း

၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂကိုစတင်တည်ထောင်ခဲ့စဉ်က တရုတ်နိုင်ငံသည်လည်း ဒုတိယကမ္ဘာစစ်၏စစ်နိုင်သည့် တိုင်းပြည်တစ်ခုဖြစ်သည့်အတွက် ကုလသမဂ္ဂ၏ founding member ဖြစ်သည်။ တရုတ်နိုင်ငံပြည်တွင်းစစ်အပြီး ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တရုတ်ကွန်မြူနစ်ပါတီ၏ဦးဆောင်မှုဖြင့် တည်ထောင်ခဲ့ပြီးသည့်နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) အစိုးရသည် တရုတ်တစ်နိုင်ငံလုံး၏နယ်မြေအားလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသောတရားဝင်အစိုးရ ဖြစ်လာသည်။

ထိုစဉ်ကတည်းက တရုတ်နိုင်ငံ၏အစိတ်အပိုင်းအားလုံးကို တရားဝင်ကိုယ်စားပြုသည့် PRC အစိုးရသည် ကုလသမဂ္ဂတွင်တရားဝင်နေရာယူသင့်သည့်အစိုးရဖြစ်သော်လည်းအစောပိုင်းကာလများတုန်းက အမေရိကန်၏တားဆီးကန့်ကွက်မှုများကြောင့်ကုလသမဂ္ဂအတွင်း PRC ၏တရားဝင်နေရာကိုထိုင်ဝမ် “ချန်ကေရှိတ်အုပ်စု” ကဆက်လက်ရယူထားခဲ့သည်။ ထို့ပြင် ၁၉၇၁ ခုနှစ်တွင် အမေရိကန်နှင့်ဂျပန်တို့သည် “တရုတ်နှစ်နိုင်ငံ - Two China” ဖြစ်ပေါ်စေရန်ရည်ရွယ်သည့် “ကိုယ်စားပြုမှုနှစ်ရပ် (dual representation)” အဆိုကိုထပ်မံတင်သွင်းခဲ့ကြသေးသည်။

သို့သော်လည်း ကုလသမဂ္ဂအတွင်းတရုတ်နိုင်ငံ၏တရားဝင်နေရာကိုပြန်လည်ရရှိရန်အတွက် PRC အစိုးရက မဆုတ်မနစ်သောဇွဲနှင့်မလျော့သောစိတ်ဓာတ်တို့ဖြင့်ဆက်လက်ကြိုးပမ်းခဲ့ကာ မိတ်ဆွေတိုင်းပြည်များကလည်း “တရုတ်နိုင်ငံ၏ ကုလသမဂ္ဂအထွေထွေညီလာခံအတွင်းတရားဝင်နေရာကိုပြန်လည်ရရှိရေး” အဆိုကို ၁၉၇၁ ခုနှစ်တွင် ပူးတွဲတင်သွင်းခဲ့ကြသည်။ ၎င်းအဆိုအပေါ် ထောက်ခံမဲရ၆မဲ၊ကန့်ကွက်မဲ၃၅မဲနှင့်ကြားနေမဲ၁ရမဲဖြင့် ပြတ်ပြတ်သားသားအနိုင်ရခဲ့ကာ ကုလသမဂ္ဂအထွေထွေညီလာခံ၏ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ က ပြဋ္ဌာန်းသည့် “တရုတ်နိုင်ငံ၏တရားဝင်ကိုယ်စားပြုမှုအားလုံးကို PRC အစိုးရတစ်ခုတည်းကိုသာအပ်နှင်းခဲ့ခြင်း” သည် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို ယူနီဗာဆယ်အဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါ“တရုတ်နိုင်ငံ၏ ကုလသမဂ္ဂအထွေထွေညီလာခံအတွင်းတရားဝင်နေရာကိုပြန်လည်ရရှိရေး” အဆိုကို မြန်မာနိုင်ငံက ထောက်ခံမဲပေးခဲ့သည့်နိုင်ငံတစ်ခု ဖြစ်ရုံမျှမကဘဲ ၎င်းအဆိုကို ပူးတွဲတင်သွင်းသည့် ၂၃ နိုင်ငံတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံသည် ယနေ့အချိန်အထိ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ”အပေါ် တည်ကြည်လေးနက်စွာဖြင့် ခိုင်ခိုင်မာမာ လေးစားအသိအမှတ်ပြုထားလျက်ရှိသည်။

■ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲထုတ်မရသည့်နယ်မြေ

ဒုတိယကမ္ဘာစစ်အပြီးအခင်းအကျင်းအတွက် အရေးကြီးသည့် အထောက်အထားများဖြစ်ကြသော ကိုင်ရိုကြေညာချက် (၁၉၄၃ ခုနှစ်) နှင့် ပေါ့စ်ဒမ်ကြေညာချက် (၁၉၄၅ ခုနှစ်) များအရလည်း ထိုင်ဝမ်ကျွန်းကို ခိုးယူသိမ်းပိုက်၍ကိုလိုနီပြုခဲ့သည့် စစ်ရှုံးတိုင်းပြည်ဂျပန်သည် တရုတ်ပြည်မကြီးထံသို့ ပြန်လည်ပေးအပ်ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ထိုင်ဝမ်နှင့်ပတ်သက်၍ ဂျပန်အမျိုးသမီးဝန်ကြီးချုပ်၏ ပြောဆိုချက်များသည် ကျိုးကြောင်းမဆီလျော်သည့် ဟာသများသာဖြစ်နေသည်။

ဒုတိယကမ္ဘာစစ်အပြီးအခင်းအကျင်း၏ အထောက်အထားများတင်မကဘဲ သမိုင်းကြောင်းအချက်အလက်များ အရလည်း ထိုင်ဝမ်ကျွန်းသည် တရုတ်ဧကရာဇ်မင်းတို့၏ အုပ်ချုပ်မှုအောက်တွင် ဆုန်မင်းဆက်လက်ထက် (အေဒီ ၉၀၀ ကျော်ကာလ) ကတည်းက ရှိနေခဲ့ပြီးဖြစ်ကာ ၁၆၀၀ ခုနှစ်ကျော်ကာလတွင် ဒတ်ရှ်ကိုလိုနီများက ထိုင်ဝမ်ကျွန်း၏တောင်ပိုင်းကို ကျူးကျော်သိမ်းပိုက်ရန် ကြိုးစားခဲ့ကြပြီး တရုတ်တပ်များက ကျူးကျော်သူများကို တိုက်ထုတ်ခဲ့ကြောင်းလေ့လာတွေ့ရှိရသည်။ ထို့နောက် ၁၆၀၀ ခုနှစ်နှောင်းပိုင်းတွင် ချင်မင်းဆက်က ထိုင်ဝမ်ကျွန်းကိုတိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့် ထိုင်ဝမ်သည် တရုတ်ဧကရာဇ်များအုပ်ချုပ်သည့် တရုတ်နိုင်ငံ၏နယ်မြေအစိတ်အပိုင်းအဖြစ် တည်ရှိခဲ့ခြင်းသည် ယခုခေတ်သစ်၌တည်ထောင်သော တိုင်းပြည်အချို့၏ နိုင်ငံတော်တည်ထောင်ခြင်းနှစ်ကာလထက်ပင် လွန်စွာရှေးကျခဲ့ပေသည်။

■ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးသည် အန္တိမရည်မှန်းချက်

ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်မကြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မည်သည့်အခါမျှ အလျှော့ပေးပြောင်းလဲမှာမဟုတ်သည့် အန္တိမရည်မှန်းချက်ဖြစ်သည်။ “ထိုင်ဝမ်မေးခွန်း” နှင့်ပတ်သက်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ မူဝါဒတွင်လည်း ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသည်ကိုတွေ့ရသည်။ PRC အစိုးရ၏ ပြတ်သားသည့်ပြောဆိုချက်များတွင် ထိုင်ဝမ်ပြဿနာသည် တရုတ်နိုင်ငံ၏ပြည်တွင်းရေးဖြစ်ကာ ထိုင်ဝမ်ရှိခွဲထွက်ရေးလိုလားသော အုပ်စုများအနေဖြင့် ပြည်ပအားကိုးပုဆိန်ရိုး မလုပ်ကြရန် ထပ်ကာထပ်ကာ သတိပေးနေသည်ကိုလည်း သတိပြုမိသည်။

သမိုင်းကြောင်းနှင့် သွေးသားတော်စပ်မှုအရ တရုတ်အမျိုးသားတစ်ရပ်လုံးသည် မည်မျှပင်နိုင်ငံရေးအယူအဆတို့ ကွဲလွဲစေခဲ့ကာမူ ဒုတိယကမ္ဘာစစ်ကာလကလည်း ကျူးကျော်သူဖက်ဆစ်ဂျပန်တို့ကို အတူတကွ တိုက်ထုတ်ခဲ့ကြသည်။ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသည့် မိသားစုရင်းခြာညီအစ်ကို မောင်နှမများကို သွေးကွဲစေခြင်းငှာ မပြုလုပ်အပ်သည့်အရာပင်ဖြစ်သည်။ မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း မိသားစုမောင်နှမရင်းခြာအချင်းချင်းအကြား ကိုလိုနီစနစ်အမွေဆိုးကြောင့် သွေးကွဲ၍ရင်နာစရာများကို ကြုံဆုံနေရခြင်း၊ မိမိတို့၏ပြည်တွင်းရေးကို ဒေသတွင်းအရေးသဖွယ် ဝင်ရောက်ခြယ်လှယ်နေကြသည်ကို လက်တွေ့ရင်ဆိုင်နေရသည့်အတွက် ထိုင်ဝမ်ပြဿနာကို လွန်စွာမှစာနာနားလည်ပေးနိုင်သည့် ကံကြမ္မာတူအကြောင်းတရားတစ်ခု ဖြစ်သည်။

စာရေးသူအနေဖြင့် အကြောင်းတိုက်ဆိုင်၍ ပေကျင်းသို့မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် တစ်ကြိမ်သွားရောက်ခဲ့ရစဉ်က တရုတ်အဆင့်မြင့်အရာရှိကြီးတစ်ဦးက ထိုင်ဝမ်နှင့်ပတ်သက်၍ ပြောဆိုဖူးသည့် စကားတစ်ခွန်းကို အမှတ်ရမိသည်။ “လက်ကနှစ်ဖက်ရှိပါတယ်။ လက်တစ်ဖက်က ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအတွက် ငြိမ်းချမ်းရေးကို အမြဲဆုပ်ကိုင်ထားမှာဖြစ်ပြီးတော့ ကျန်လက်တစ်ဖက်မှာတော့ လက်နက်ကိုအမြဲကိုင်ထားပါတယ်။ ဆိုလိုတာက လက်နက်ကိုအသုံးပြုဖို့ လိုအပ်လာလျှင်လည်း ပြည်မကြီးအနေဖြင့် ရွေးချယ်စရာမရှိရင်လုပ်ရပါလိမ့်မယ်” ဟူ၍ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရအဆက်ဆက်တို့သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လေးလေးစားစား တန်ဖိုးထားအသိအမှတ်ပြုထားပါသည်။ သို့သော်လည်း အနောက်အုပ်စုမီဒီယာလက်ဝေခံများက ပြည်သူလူထု အတွေးအမြင်များ ဝေဝါးစေရန်နှင့် မိမိတို့၏ အိမ်နီးချင်းတိုင်းပြည်အပေါ် နားလည်မှုလွဲမှားစေရန် ရည်ရွယ်ချက်ဆိုးဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကိုထိခိုက်စေသည့် ရေးသားမှုများကို ကြိမ်ဖန်များစွာရေးသားလေ့ ရှိကြသည်။ စာရေးသူအနေဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံ၏အကြောင်းကို နားလည်လိုပါသောကြောင့် လေ့လာမိသမျှထဲမှ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” နှင့်ပတ်သက်၍ မြန်မာပြည်သူများသိနားလည်စေရန် အကျဉ်းမျှ ရေးသားဖော်ပြရခြင်းဖြစ်ပါသည်။

မူရင်းသတင်း — Eleven Media Group