
စာရေးသူ တခြားနယ်ဘက် သတင်းသွားယူနေစဉ် လယ်ဝေးမြို့နယ်၊ ကျောက်တစ်လုံးကျောင်းစုကျေးရွာ က ဦးလေးကြီးတစ်ဦး ဖုန်းဆက်ပါတယ်။ ကျွန်တော်တို့ခြံကွက်တွေကို ပုံစံ-၇ ထုတ်ယူသွားပြီး ကျွန်တော်တို့ တရားစွဲဆိုခြင်းခံရတယ်။ အဲဒီအခြေအနေလေး တွေ့ဆုံပြောဆိုချင်လို့ပါ။
ကျွန်တော်လည်း ဘာမှန်းမသိ ညာမှန်းမသိ အချက်အလက်လေးတွေတော့ အရင်ပို့ထားလိုက်ပါအုံး။ ကျွန်တော်ဖတ်ကြည့်ပါအုံးမယ်။ ခရီးသွားနေလို့ ပြန်လာတဲ့အခါ တွေ့သင့်တယ်ဆိုရင်လည်း တွေ့ကြတာပေါ့လို့ ပြောလိုက်ပါတယ်။ လယ်ဝေးမြို့နယ် အနောက်ခြမ်းထဲကဆိုတော့ ကျွန်တော့်မှာလည်း စိုးရိမ်စိတ် နည်းနည်းရှိနေပါတယ်။ သူတို့ကို စကားပြောတော့လည်း သံသယနဲ့ပဲ ပြောလိုက်မိပါတယ်။
ညနေပိုင်းလောက်ကြတော့ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ ရှေ့နေတစ်ယောက် ဖုန်းထပ်ဆက်ပြန်တယ်။ အဲဒီ ကိစ္စပဲ။ သူတို့ အချက်အလက်တွေ ပို့ဖို့ မပို့တတ်လို့ လာအကူအညီတောင်းတယ်။ ဘယ်သူဆီပို့ချင်တာလဲ ဆိုတော့မှ ကိုနောင်တော်လေးဆီ ဆိုလို့ ဖုန်းဆက်လိုက်တာ။ အဲဒီရှေ့နေကိုလည်း သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေလေး မေးလိုက်တော့ ကူညီဆောင်ရွက်ပေးရန် သင့်၊ မသင့် စဉ်းစားလို့ ရသွားတယ်။
ကျွန်တော် ခရီးသွားရာက ပြန်ရောက်တဲ့နေ့မှာပဲ သူတို့ကို လာခဲ့ဖို့ ခေါ်လိုက်ပါတယ်။ တရားစွဲဆိုခံရတဲ့အထဲမှာ ပါဝင်သူရော၊ မပါဝင်ဘဲ ဖြစ်စဉ်ဖြစ်ရပ်ကို ပြောပြနိုင်တဲ့သူပါ ခေါ်လာခဲ့ပါ။ ကျေးရွာလူကြီးရဲ့ ထောက်ခံချက်လေး ယူလာရင် ပိုကောင်းပါတယ်လို့ ပြောလိုက်ပါတယ်။
တောင်သူတွေ ရောက်လာတဲ့အခါကြတော့ - ယခုလက်ရှိ လယ်ဝေးမြို့နယ်၊ ကျောက်တစ်လုံးကျောင်းစုဆိုတဲ့ကျေးရွာအုပ်စုသည် ၂၀၀၆ ခုနှစ်မှာ ချောင်းမငယ်စီမံကိန်းကြောင့် ပြောင်းရွှေ့ထားတဲ့ ကျေးရွာဖြစ်ပါတယ်။ စာရေးသူထံ လာရောက်သူများထဲမှာ ကျေးရွာပြောင်းရွှေ့စဉ်က ကျေးရွာဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ရွာသူရွာသားများ အဆင်ပြေအောင် စနစ်တကျ ကူညီဆောင်ရွက် နေရာချထားပေးခဲ့တဲ့ ဥက္ကဋ္ဌ (ဟောင်း) ဦးကျော်အုံး ကိုယ်တိုင်ပါဝင်သလို၊ ထိုစဉ်အချိန်က ရာအိမ်မှူး လုပ်ခဲ့ကြတဲ့သူ (၂)ဦးလည်း လိုက်ပါလာခဲ့ကြပါတယ်။ တရားစွဲဆိုခံရတဲ့ အထဲမှာ ပါဝင်သူ (၂)ဦး လာရောက် ရင်ဖွင့်ကြခြင်း ဖြစ်ပါတယ်။
ကျောက်တစ်လုံးကျေးရွာအုပ်စု ဥက္ကဋ္ဌ(ဟောင်း) ဦးကျော်အုံး ပြောတာက ပြည့်စုံပါတယ်။ သူ့လက်ထဲမှာ ပါတဲ့ စာရွက်စာတမ်းတွေမှာ ကျေးရွာပြောင်းရွှေ့ နေရာချစဉ်က ကုန်ကျစရိတ်စာရင်းဇယားများကအစ စနစ်တကျ ရှိနေဆဲဖြစ်သလို ကျေးရွာအကွက်ဖော်စဉ်မှာ စက်ယန္တရား အသုံးပြုတဲ့ ဆီဖိုးစာရင်း၊ မြို့နယ်က တာဝန်ရှိသူများ လာရောက်တဲ့အခါ ဧည့်ခံစရိတ်ကအစ သူ့ရဲ့ စာရင်းစာအုပ်ထဲမှာ ရှိနေပါသေးတယ်။ ဦးကျော်အုံးရဲ့ ဆောင်ရွက်ထားရှိမှုကို သဘောကျလို့ ဦးလေး က စနစ်ကျလှပြီလားလို့ ပြောမိတဲ့အခါ၊ ဒါတွေ သိမ်းထားမိလို့ တော်သေးတာပေါ့ လို့ သူက ပြောပါတယ်။
ကျေးရွာပြောင်းရွှေ့ခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဦးကျော်အုံး ပြောပြချက်များကို အနှစ်ချုပ်ပြီး ဖော်ပြရရင် ၂၀၀၆ခုနှစ် ချောင်းမငယ်ရေလှောင်တမံ တည်ဆောက်တော့မယ်ဆိုတဲ့ အချိန်မှာ ရေဝပ်ဧရိယာထဲ ပါနေတဲ့ ကျေးရွာ(၃)ရွာ အိမ်ခြေ (၆၀၀)ခန့် ရေနစ်မြုပ်တဲ့အထဲ ပါသွားကြောင်း၊ ယာမြေတွေ လယ်မြေတွေပါ အကုန်လုံး ဧက (၁၆၅၀)ခန့် ရေနစ်မြုပ်သည့်အထဲ ပါဝင်သွားခဲ့ကြောင်း၊ ၂၀၀၆ ခုနှစ် မေလထဲမှာ မဒေါ့ပင်ကျေးရွာအုပ်စု၊ ပန်းညိုစန်းကျေးရွာအနီး နိုင်ငံတော်ပိုင်မြေများပေါ်မှာ မြေအစားထိုးချပေးရာမှာ အိမ်ခြေ (၆၀၀)ခန့် ရှိသည့်အနက် အိမ်ခြေ (၅၃၃) လုံးအတွက် ပထမအကြိမ် ချထားပေးခဲ့ကြောင်း၊ အိမ်ခြေ (၆၅)လုံးခန့် ကျန်ရှိနေတဲ့အတွက် ရွာလူကြီးများနဲ့ ရပ်မိရပ်ဖများက မြို့နယ်ကို တင်ပြပေးတဲ့အခါ မြို့နယ်က ရွာအနီးအနား မြေကွက်ပလပ်ရှိလားလို့ မေးမြန်းခဲ့ကြောင်း၊ ရှိတော့ ရှိတယ်၊ တောကြီးတော့ တောကြီးပေါ့၊ တောကြီးလည်း ပိုင်ရှင်တော့ ရှိလိမ့်မယ်လို့ ကျွန်တော်တို့ စုံစမ်းကြည့်တဲ့အခါ ပိုင်ရှင်က အဲဒီတုန်းက ကျေးရွာအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးသန်းလှိုင်၊ နောက်တစ်ယောက် ဦးမြင့်အောင်၊ မဒေါ့ပင်စာရေးကြီး ဦးအေးသောင်တို့ရဲ့ မြေကွက်များ ဖြစ်ကြောင်း သိရှိခဲ့ရကြောင်း၊ မြို့နယ် မယက ဥက္ကဋ္ဌကြီး က ကျွန်တော်တို့ရှေ့မှာ ပိုင်ရှင်များကို ခေါ်ယူဆွေးနွေးပေးပြီး ဒီမြေကွက်တွေက ကျက်တီးကုန်းဖြစ်တဲ့အတွက် စိုက်ပျိုးလို့လည်း မကောင်းဘူး၊ ကျေးရွာအတွက် လှူပါလို့ ပြောတဲ့အခါမှာ ပိုင်ရှင်တွေက လှူပေးခဲ့ကြောင်း၊ မယက ဥက္ကဋ္ဌ ကနေ မြေစာရင်းဌာနကို အကြောင်းကြားပြီး မြေဝိုင်းကွက် (၄၅) ကွက်ကို ချပေးခဲ့ကြောင်း၊ တချို့လည်း အိမ်ဆောက်နေကြတယ်၊ တချို့ကလည်း စားဝတ်နေရေးအခက်အခဲရှိတယ်၊ အိမ်မဆောက်နိုင်ကြဘူး လို့ ပြောပါတယ်။
အဲဒီလို ချထားပေးခဲ့တဲ့မြေတွေက ကြားကာလမှာ ဘာပြဿနာမှ မရှိခဲ့ဘဲ ၂၀၂၃ ခုနှစ်မှာမှ ဒီအကွက်ရိုက်ချပေးထားတဲ့ မြေတွေကို ဦးစိုးမြင့် ဆိုတဲ့ ပုဂ္ဂိုလ် က ပုံစံ-၇ ရရှိသွားပါသတဲ့။ ပုံစံ-၇ မိတ္တူ မှာ ထုတ်ပေးတဲ့ ရက်စွဲ ဖော်ပြထားချက်က (၃၀-၉-၂၀၁၃) လို့ ဖော်ပြထားပြီး၊ စိစစ်အတည်ပြုတဲ့ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ရဲ့ လက်မှတ်ပါ ရက်စွဲက (၁၈-၁၀-၂၀၂၂) လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီမြေကွက်တွေဟာ ကျောက်တစ်လုံးကျောင်းစုကျေးရွာအတွက် ခြံကွက်များချထားပေးပြီးသော မြေဖြစ်ပါလျက် လုပ်ပိုင်ခွင့်ပြုသည့် လယ်ယာမြေအကြောင်းအရာ ဖော်ပြချက်မှာ မဒေါ့ပင်ကျေးရွာအုပ်စု၊ မဒေါ့ပင်ကွင်း လို့ ဖော်ပြထားတာကလည်း ၂၀၀၆ - ၂၀၀၈ ကတည်းက ခြံကွက်များချထားပေးခဲ့တာကို မျက်ကွက်ပြု လုပ်ဆောင်ထားခြင်း ဖြစ်ပါတယ်။ ကျောက်တစ်လုံးကျောင်းစုကျေးရွာအနီးမှာရှိတဲ့ ကျောက်တစ်လုံးကျောင်းစုကျေးရွာအုပ်စုပိုင်မြေကို ပုံစံ-၇ ထုတ်ယူရာမှာ ကျောက်တစ်လုံးကျောင်းစုကျေးရွာအုပ်ချုပ်ရေးမှူး မသိလိုက်ရဘူး။ ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ကျောက်တစ်လုံးကျောင်းစုမှာ လာရောက်ကြေညာခဲ့တာမျိုးလည်း မရှိခဲ့ဘူး။ ဒါတွေက လက်တစ်လုံးခြား လုပ်တဲ့ လုပ်ရပ်တွေကို ထင်ရှားစေချင်လို့ ထည့်သွင်း ဖော်ပြခြင်း ဖြစ်ပါတယ်။
သူဘယ်လိုနည်းနဲ့ ပုံစံ-၇ ရသွားတယ်ဆိုတာကို မသိဘူးလား မေးကြည့်ပါတယ်။ ဦးကျော်အုံး က "မသိဘူး။ တရားစွဲတော့မှ သိတာ။ ကျွန်တော်တို့ကျေးရွာ အုပ်ချုပ်ရေးကိုလည်း တစ်ယောက်မှ အကြောင်းမကြားပါဘူး" လို့ ပြောပါတယ်။
ဒါနဲ့ ဆက်စပ်ပြီး မြို့နယ်က အကွက်ရိုက်ထားပေးတာဖြစ်လို့ မြို့နယ်မှာ ရှင်းလင်းဆောင်ရွက်တာမျိုးရော မရှိဘူလားလို့ မေးမြန်းကြည့်တဲ့အခါ ဦးကျော်အုံး က "ဒါကို တရားစွဲတော့ ကျွန်တော်တို့ ၁၇-၈-၂၀၂၃ မှာ ဒါနဲ့ ပတ်သက်လို့ ပြန်လည်တိုင်တန်းတာပေါ့ မြို့နယ်ကို၊ ဒီကလေးတွေက တိုင်တန်းတဲ့အခါ ၉-၁၁-၂၀၂၃ မှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ကျွန်တော်တို့ ဖြေရှင်းခဲ့ရပါတယ်။ မြို့နယ်ထွေအုပ်ကတော့ နားလည်မှုရှိတယ်။ မြို့နယ်မြေစာရင်းကိုပဲ အဓိက ပြောခိုင်းတယ်။ မြေစာရင်းဦးစီးမှူးကတော့ ၎င်းမြေကွက်တွေဟာ မြေလွတ်မြေရိုင်းတွေဖြစ်တယ်တဲ့၊ မည်သူမဆို ပုံစံ-၇ လျှောက်နိုင်တယ်တဲ့၊ အခုလျှောက်ထားတဲ့ ဦးစိုးမြင့် ပုံစံ-၇ ကိုလည်း ပြန်လည်ရုပ်သိမ်းပါ့မယ်တဲ့။ အဲဒါကို ကျွန်တော်တို့က တခါတည်း ထွေအုပ်ရုံးမှာပဲ စာနဲ့ အဲဒီခန်းမထဲမှာပဲ မှတ်တမ်းရေးထားပါတယ်" လို့ ပြောပါတယ်။
စာရေးသူထံ လာရောက်တွေ့ဆုံသူတွေက နောက်တိုးချထားပေးတဲ့ ခြံကွက် (၄၅) ကွက်ကို ပုံစံ-၇ လျှောက်ယူသွားတဲ့ အခြေအနေကိုပဲ ဇောင်းပေးပြီး ပြောဆိုနေပါတယ်။ စာရေးသူက စိုက်ပျိုးမြေတွေ ဆုံးရှုံးခဲ့ရတဲ့အတွက် အစားထိုးချထားပေးတာရော မရှိဘူးလား လို့ ဖြည့်စွက် မေးတော့မှ ကျေးရွာ ဥက္ကဋ္ဌ (ဟောင်း) ဦးကျော်အုံး က "ကျွန်တော်တို့ ၂၀၁၀ ခုနှစ်ကြတော့ နိုင်ငံတော်စီမံချက်နဲ့ပေါ့လေ၊ ကျွန်တော်တို့ ကျောက်တစ်လုံးကျောင်းစုကျေးရွာအုပ်စု ရွာ(၃)ရွာအတွက် ကျေးရွာနေပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေး ဆိုပြီးတော့ ပေးတဲ့အခါကြတော့ အရှေ့ (ပေ ၃၀၀၀)၊ အနောက် (ပေ ၃၀၀၀)၊ မြောက် (ပေ ၄၀၀၀)၊ တောင် (ပေ ၅၀၀) အဲဒီလို နယ်နိမိတ် သတ်မှတ်ပေးတော့မှ စားကျက်မြေရယ်၊ တောင်သူတွေ လုပ်စားပိုင်ခွင့်မြေရယ်၊ စက်ယန္တရားကြီးတွေနဲ့ ဖော်ထုတ်တယ်၊ ဖော်ထုတ်ပြီးမြေကို တောင်သူ ၁၁၃ ဦး ကို ၁၁၃ ဧက မြို့နယ်မြေယာချထားရေး ကော်မတီ က ဘုန်းကြီးကျောင်းမှာ မဲနှိုက်ပေးခဲ့တာပါ။ အခု အဲဒီမြေတွေကိုလည်း မဒေါ့ပင်က လူတွေကပဲ ပုံစံ-၇ တွေ ထုတ်ယူသွားတယ်။ အခု ပုံစံ-၇ တွေ အများကြီး ဖြစ်နေတယ်။ မဒေါ့ပင်အုပ်ချုပ်ရေးမှူး နာမည်နဲ့ ပုံစံ-၇ တွေ အများကြီးဖြစ်နေတယ်။ ကျွန်တော်တို့ ၁ ဧကစီ ခွဲပေးထားတဲ့ မြေတွေကို သူက အကုန်ပြန်ယူသွားတာ" လို့ ပြောပါတယ်။
အဲဒီတော့မှ ပြဿနာက ပိုကြီးနေပြီဆိုတာကို သိရတော့တာပါ။ ဦးလေးတို့က အဲဒီကနေ စပြီး မပြောဘဲ ဒီ(၄၅)ကွက်ကိုပဲ ပြောနေရတာလဲလို့တောင် ငေါက်မိပါသေးတယ်။ ဒီလူတွေမှာ သည်းခံစိတ် ရှိပါတယ်။ ကိုယ်စိုက်ပျိုး လုပ်ကိုင်နေတဲ့မြေကို တခြားသူ က ပုံစံ-၇ လျှောက်ယူသွားတာကိုတောင် အလေးထားပြီး မပြောကြပါဘူး။ နောက်ဆုံး အဲဒါတွေကုန်လို့ ခြံကွက် ချပေးထားတာကိုပါ ပုံစံ-၇ ထုတ်ယူတဲ့ အခြေအနေမျိုး ဖြစ်လာပြီး မခံနိုင် မရပ်နိုင် ဖြစ်လာကြတော့တာပါ။ ပုံစံ-၇ ထုတ်ယူထားသူတွေက တချို့ကို လက်ပြောင်းလက်လွှဲ ရောင်းချထားပြီးပြီ။ တချို့လည်း မရောင်းရသေးဘဲ ကျန်နေသေးတယ်လို့ ဆိုပါတယ်။
ဒီလို ပြဿနာမျိုးတွေ ပေါ်ပေါက်လာတဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ခေါင်းရှောင်တတ်ကြသလို မြို့နယ်က နည်းပေးလမ်းပြလုပ်တဲ့အတိုင်း ပြောဆိုလုပ်ကိုင်ကြတာမျိုး ရှိပါတယ်။ သို့သော် လက်ရှိ ကျောက်တစ်လုံးကျောင်းစုကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းလွင် က သူ့ကျေးရွာအုပ်စုအတွင်းက ရွာသားတွေ ကို (အိမ်ဝိုင်းခြံမြေများ မြေနေရာချထားပေးခဲ့သည်မှာ မှန်ကန်ကြောင်း)ထောက်ခံချက် ကို ချက်ချင်း ရေးသားပေးခဲ့ပါတယ်။ စာရေးသူထံ တောင်သူတွေလာတဲ့နေ့ (၁၀-၉-၂၀၂၆) ရက်နေ့မှာ အုပ်ချုပ်ရေးမှူး ဦးသိန်းလွင် ထောက်ခံရေးသားပေးလိုက်တာက "နေပြည်တော်၊ လယ်ဝေးခရိုင်၊ ကျောက်တစ်လုံးကျောင်းစုအုပ်စုသည် ၂၀၀၆ခုနှစ် မေလေတွင် ချောင်းမငယ်ရေလှောင်တမံ တည်ဆောက်စဉ် ဆည်အတွင်း ကျရောက်နေသော ကျေးရွာဖြစ်သဖြင့် နိုင်ငံတော်မှ လယ်ဝေးမြို့နယ်၊ မဒေါ့ပင်အုပ်စု၊ ပန်းညိုစမ်းကျေးရွာအနေီး နိုင်ငံတော်ပိုင် မြေလွတ် မြေလပ်ပေါ်တွင် မြေကွက်များ ချထားပေးခဲ့ရာ အိမ်ခြေ၊ အိမ်ထောင်စု (၆၀၀) ခန့် ရှိသည့်အနက် အိမ်ခြေ၊ အိမ်ထောင်စု (၅၃၃)ဦးကိုသာ ပထမအကြိမ် ချထားပေးခဲ့ပြီး ကျန် အိမ်ခြေ၊ အိမ်ထောင်စု (၆၅)ဝိုင်း ကျန်ရှိနေသည့်အတွက် မြို့နယ်သို့ ဆက်လက်တင်ပြခဲ့ရာ ၂၀၀၈ခုနှစ်တွင် မြို့နယ် မြေနေရာချထားရေးကော်မတီမှ အိမ်ခြေ၊ အိမ်ထောင်စု (၄၅)ဝိုင်းအား စနစ်တကျ အကွက်ရိုက်၍ ဝိုင်းခြံမြေများ ချထားပေးခဲ့သည်မှာ မှန်ကန်ကြောင်း သိရှိထောက်ခံအပ်ပါသည်။" လို့ ရေးသားပေးလိုက်ခြင်း ဖြစ်ပါတယ်။
ဖြစ်စဉ်ဖြစ်ရပ်အပေါ် အခြေခံပြီး သုံးသပ်ကြည့်မယ်ဆိုရင် ကျောက်တစ်လုံးကျောင်းစုအတွက် ချထားပေးသော စိုက်ပျိုးမြေများကို တခြားရွာမှာနေတဲ့ လူက ပုံစံ-၇ ထုတ်ယူတယ်။ ကျောက်တစ်လုံးကျောင်းစုကျေးရွာမှာ ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်းလည်း မရှိဘူး။ ကျောက်တစ်လုံးကျောင်းစုကျေးရွာ အုပ်ချုပ်ရေးမှူးလည်း ဘာဆိုဘာမှ မသိလိုက်ရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ မဒေါ့်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အခြားသူများက မြို့နယ်အဆင့်က ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး ပုံစံ-၇ ထုတ်ယူနေသလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
စာရေးသူထံ တောင်သူတွေ လာရောက်ဆွေးနွေးပြောဆိုတဲ့ နေ့မှာပဲ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကို ဖြစ်စဉ်ဖြစ်ရပ်တင်ပြပြီး တောင်သူများ နစ်နာမှုမရှိစေရေး ဆောင်ရွက်ပေးနိုင်ဖို့ မေးမြန်းထားပါတယ်။
ဝန်ကြီးဌာနဆိုတာ ပြည်သူတွေရဲ့ အရေးကိစ္စတွေမှာ အဆင်ပြေချောမွေ့စေဖို့ စီမံဆောင်ရွက်တဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ပုဂ္ဂိုလ်များ ဦးဆောင်ရာ ဌာနများဖြစ်ပါတယ်။ ဒီဌာနတွေမှာ အလုပ် လုပ်နေကြတဲ့ နိုင်ငံဝန်ထမ်းဆိုတာတွေက ပြည်သူလူထုက ရွေးချယ်ခန့်အပ်ထားတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ တတ်မြောက်ကျွမ်းကျင်းမှုအရ ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်ပါမယ်ဆိုပြီး သူတို့ကိုယ်တိုင် နိုင်ငံဝန်ထမ်းအဖြစ် ဝင်ရောက် ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ပြည်သူများရဲ့ မသိမှု၊ နားမလည်မှု၊ သည်းခံခွင့်လွှင့်မှုကို အခွင့်ကောင်းယူပြီး ပြည်သူများအပေါ် လူပါးဝ ဂုပ်သွေးစုပ်ဖို့ အခွင့်အာဏာတော့ ပေးထားခြင်း မရှိပါဘူး။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဥက္ကဋ္ဌ (ဟောင်း) ရဲ့ ပြောကြားချက်များကို အဓိက အခြေခံပြီး ရေးသားထားခြင်း ဖြစ်သလို ထိုစဉ်က ရာအိမ်မှူးတာဝန်ယူပြီး သူတို့ကိုယ်တိုင် ရွာသူရွာသားများအတွက် စနစ်တကျ ဆောင်ရွက်ပေးခဲ့ရတာတွေကိုလည်း ပြည့်စုံအောင် ပြောဆိုထားတာတွေ ရှိပါတယ်။
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကျောက်တစ်လုံးကျောင်းစုမှ တောင်သူများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရရဲ့ ဝန်ကြီးဌာန အကြီးအကဲများက ပြည်သူများ နစ်နာမှုမရှိစေရေး အလေးထား ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည် မျှော်လင့်ရင်း -
နောင်တော်လေး (ဘိုကလေး)
#News #Myanmar