



ဂန့်ဂေါ စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် ကိုဗစ်-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့နံနက်(၈)နာရီအချိန်မှစတင်၍ မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-19 ရောဂါကာကွယ်ဆေး Pfizer LP.8.1 ထိုးနှံပေးခြင်းကို အသက်(၅၀)နှစ်နှင့် အထက်ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ဂန့်ဂေါမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ အသက်(၅၀)နှစ်နှင့်အထက် မိဘပြည်သူ(၇၃၈)ဦးလာရောက်၍ ကာကွယ်ဆေးထိုးနှံခဲ့ကြကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေး ရောဂါများမဖြစ်ပွားစေရေးအတွက် ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက် များရှိနေအိမ်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး အဘိတ်(abate)ဆေးခတ်ခြင်း၊ အသက်(၉)နှစ်ပြည့်ပြီးသည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်း၊ သံချဆေးများတိုက်ကျွေးပေးခြင်း၊ ရဟန်းသံဃာတော်အရှင်သူမြတ်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့်မိသားစုဝင်များ၊ အသက်(၁၈)နှစ်ပြည့် ကျောင်းသား/ကျောင်းသူများ၊ အသက်(၅၀)နှစ် အထက်မိဘ ပြည်သူများအား ကိုဗစ်-19 ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ အသက်ငါးနှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းများ စသည့် ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။
မောင်မျိုးမင်း
#News #Myanmar