



ကူမင်း၊ စက်တင်ဘာ ၂၅
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြိုနှင့် ကူမင်းလူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းတို့အကြား “မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို၂၄-၉-၂၀၂၆ ရက်က ကူမင်းမြို့ရှိ ယူနန်လင်းယွင် ဥပဒေအကြံပေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်၊ ကူမင်းလူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ မိတ်ဆက်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ရာတွင် လိုအပ်သည့် သတင်းအချက်မျှဝေနိုင်ရေးအတွက် ဆက်သွယ်မှုလမ်းကြောင်းထူထောင်ရန်၊ စီးပွားရေးမိတ်ဖက်များ ချိတ်ဆက်ပေးရန်၊ ဆန်းသစ်တီထွင်မှုဆိုင်ရာ နည်းပညာအရင်းအမြစ်များ အပြန်အလှန်ဖလှယ်ခြင်းအပါအဝင် စီမံကိန်းနှင့် စက်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှုများတွင် နှစ်ဖက်လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် စသည်ဖြင့် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို မိတ်ဆက်ခြင်း၊ ကူမင်းလူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်း၏ လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို မိတ်ဆက်ခြင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ကုန်သွယ်ရေးအခွင့်အလမ်းများကို ဖလှယ်ဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
#News #Myanmar