Eleven Media Group

■ မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၄၈၇ ဦးရှိကြောင်း UNICEF Myanmar ထုတ်ပြန်

■ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ထိခိုက်သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာ

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် (ဇန်နဝါရီလမှ ဇွန်လအထိ) ပထမခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၄၈၇ ဦးရှိကြောင်း UNICEF Myanmar က ထုတ်ပြန်သည်။

၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ (EO) ဖြစ်ရပ်များကို စောင့်ကြည့်လေ့လာချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်စဉ်စုစုပေါင်း ၃၂၇ ခု မှတ်တမ်းတင်နိုင်ခဲ့ပြီး အရပ်သား ၄၈၇ ဦး ထိခိုက်သေဆုံးခဲ့သည်။

မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်သည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်တက်လာသည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ် (ဇန်နဝါရီလမှ ဇွန်လအထိ) ပထမခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၃၅၇ ဦးသာရှိသည့်အတွက် ထိခိုက်သေဆုံးမှုအရေအတွက်မှာ လူဦးရေ ၁၃၀ မြင့်တက်လာခြင်းလည်းဖြစ်သည်။

၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ၏ ဖြစ်စဉ်မှာ ၃၂၇ ခု ရှိပြီး ၂၀၂၅ ခုနှစ် (ဇန်နဝါရီလမှ ဇွန်လအထိ) ပထမခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ၏ ဖြစ်စဉ်မှာ ၂၂၉ ခုသာ ဖြစ်ပွားခဲ့သဖြင့် ဖြစ်စဉ် ၁၀၀ နီးပါး မြင့်တက်လာသည်ကို တွေ့ရသည်။

ထိုသို့ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ ပြန့်နှံ့နေမှုကြောင့် ဖြစ်ပေါ်လာသည့် ဆက်လက်ရှိနေသော ဘေးအန္တရာယ်များကို ယင်းအချက်က မီးမောင်းထိုးပြနေကြောင်း UNICEF Myanmar က ဆိုသည်။

၂၀၂၆ ခုနှစ် (ဇန်နဝါရီလမှ ဇွန်လအထိ) ပထမခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ရှမ်းပြည်နယ်သည် ဖြစ်စဉ်နှင့် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်စဉ်၏ ၂၂ ဒသမ ၆၃ ရာခိုင်နှုန်း (၇၄ ခု) နှင့် ထိခိုက်သေဆုံးမှု၏ ၂၂ ဒသမ ၃၈ ရာခိုင်နှုန်း (၁၀၉ ဦး) ရှိခဲ့သည်။

ထို့အတူ မကွေးတိုင်းဒေသကြီးက ဖြစ်စဉ် ၅၀ ခု (၁၅ ဒသမ ၂၉ ရာခိုင်နှုန်း) နှင့် ထိခိုက်သေဆုံးသူ ၈၀ ဦး (၁၆ ဒသမ ၄၃ ရာခိုင်နှုန်း) ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်းဒေသကြီးမှာမူ ဖြစ်စဉ် ၄၇ ခု (၁၄ ဒသမ ၃၇ ရာခိုင်နှုန်း) နှင့် ထိခိုက်သေဆုံးသူ ၆၈ ဦး (၁၃ ဒသမ ၉၆ ရာခိုင်နှုန်း) ဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။

ကျန်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံး စုစုပေါင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်စဉ်၏ ၄၇ ဒသမ ၇၁ ရာခိုင်နှုန်း (၁၅၆ ခု) နှင့် ထိခိုက်သေဆုံးမှု၏ ၄၇ ဒသမ ၂၃ ရာခိုင်နှုန်း (၂၃၀ ဦး) ရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ကလေးသူငယ်ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၁၃ ဦးရှိခဲ့ပြီး ၎င်းသည် တစ်နိုင်ငံလုံးရှိ ထိခိုက်သေဆုံးမှုအားလုံး၏ ၂၃ ဒသမ ၂၀ ရာခိုင်နှုန်းလည်း ဖြစ်ကြောင်း UNICEF Myanmar က ဆိုသည်။

ထို့ကြောင့် ယခင်နှစ်ကကာလတူနှင့် နှိုင်းယှဉ်ပါက မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ကလေးသူငယ်ထိခိုက်သေဆုံးမှုမှာလည်း မြင့်တက်လာသည်ကို တွေ့ရသည်။

၂၀၂၅ ခုနှစ် (ဇန်နဝါရီလမှ ဇွန်လအထိ) ပထမခြောက်လအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၉၆ ဦးသာရှိသည့်အတွက် ၂၀၂၆ ခုနှစ် ပထမခြောက်လတွင် ကလေးသူငယ်ထိခိုက်သေဆုံးမှု အရေအတွက်မှာလည်း မြင့်တက်လာသည်ကို တွေ့ရသည်။

Photo: UNICEF

မူရင်းသတင်း — Eleven Media Group