
လက်ရှိအခြေအနေတွင် မြို့ကြီးများအား တည်ငြိမ်အေးချမ်းသောအခြေအနေဖြစ်အောင် တည်ဆောက်ထားပြီးဖြစ်၍ ယင်းအခြေအနေကို ဆက်လက်ထိန်းသိမ်းသွားရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တိုက်တွန်းပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် စက်တင်ဘာ ၂၅ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်လည်း ဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားဘဝသည် နေရာတစ်နေရာတည်းတွင် အမြဲတမ်းတာဝန်ထမ်းဆောင်ရမည်ဟုမှတ်ယူ၍မရဘဲ စေလွှတ်သည့်နေရာ၊ ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်နိုင်ရန် အမြဲအသင့်ဖြစ်နေရန်လိုကြောင်း၊ မည်သည့်တပ်ဖွဲ့မဆို ခြေလျင်တပ်ဖွဲ့ကဲ့သို့ တိုက်ပွဲဝင်နိုင်ရန် လေ့ကျင့်တည်ဆောက်နေရန်လိုကြောင်း၊ ပြည်သူလူထုက တပ်မတော်အပေါ်ယုံကြည်မှု၊ ချစ်ခင်မှုရှိအောင် ကျင့်ဝတ်များနှင့်အညီ ထိတွေ့ဆက်ဆံနေရန်လိုကြောင်း၊ လက်ရှိအခြေအနေတွင် မြို့ကြီးများအား တည်ငြိမ်အေးချမ်းသော အခြေအနေဖြစ်အောင် တည်ဆောက်ထားပြီးဖြစ်၍ ၎င်းအခြေအနေကို ဆက်လက်ထိန်းသိမ်းသွားရန်လိုကြောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် မြို့ပြတွင်အခြေပြုနေထိုင်သောတပ်များဖြစ်၍ ပညာရေး၊ ကျန်းမာရေးစသည့် အားသာချက် များစွာရှိသော်လည်း မိမိကိုယ်ကို ထိန်းသိမ်းနိုင်ရန်လိုကြောင်း၊ ပိုင်ဆိုင်ထားသည့် လူမှုဘဝအခွင့်အလမ်းများကိုလည်း အကျိုးရှိရှိအသုံးချတတ်ရန်လိုအပ်ကြောင်း ပြောကြားသည်။
တပ်မတော်သားကောင်းတစ်ယောက်ဖြစ်ရန် အမိန့်နာခံမှုသည် အရေးကြီးကြောင်း၊ အမိန့်နာခံတတ်မှုနှင့် စစ်စည်းကမ်းကောင်းမွန်စေမှုအတွက်ရည်ရွယ်ပြီး စစ်ရေးပြကို သင်ကြားပေးခြင်းဖြစ်ကြောင်း၊ စစ်သားကောင်းဖြစ်မှ တပ်ကောင်း မည်ဖြစ်သောကြောင့် စစ်သားကောင်းဖြစ်ခြင်းသည် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုနှစ်ခုကို ပေါင်းစပ်ထားခြင်းကြောင့် အရာရှိ/ စစ်သည်များကို စစ်သားကောင်းများဖြစ်လာစေရေး အမြဲလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ လေ့ကျင့်သား ပြည့်ဝမှုနှင့်ပတ်သက်၍ တပ်ဖွဲ့အလိုက် တပ်ဆင်ပေးထားသည့် လက်နက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ရန်လိုကြောင်း၊ ထို့ပြင် ကျန်းမာကြံ့ခိုင်အောင်၊ ကျွမ်းကျင်အောင်နှင့် ရဲစွမ်းသတ္တိရှိအောင် လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ ဒုတိယတပ်မှူးများသည် တပ်မှူးများ၏မူဝါဒကို အကောင်အထည်ဖော်ရန်နှင့် တပ်မှူးများအတွက် အထောက်အပံ့ကောင်းပေး နိုင်ရန်လိုအပ်ပြီး တပ်၏လေ့ကျင့်ရေးနှင့် စည်းကမ်းပိုင်းဆိုင်ရာများကို တာဝန်ယူကြပ်မတ်နေရန်လိုကြောင်း ၎င်းက ပြောကြားသည်။
တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင်ရှိပြီး အုပ်ချုပ်မှု အားနည်းလျှင် စစ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်ပါ ထိခိုက်နိုင်သဖြင့် စွမ်းရည်သုံးရပ်တွင် အုပ်ချုပ်မှုစွမ်းရည်သည် အလွန်အရေးကြီးကြောင်း၊ အုပ်ချုပ်ရေးစွမ်းရည်တွင် စားရေး၊ နေရေး၊ သွားလာနေထိုင်ရေး၊ စစ်စည်းကမ်းထိန်းသိမ်းရေးအပါအဝင် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား ဆောင်ရွက်သွားရန်လိုပြီး တာဝန်ရှိ သူများအနေဖြင့်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းတွင် တပ်မှူးကောင်းစိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်၊ ကိုယ်ချင်းစာတရားများရှိနေရန်လိုပြီး အုပ်ချုပ်မှုညီညွတ်မျှတမှုမရှိခြင်းသည် တပ်တွင်းစည်းလုံးညီညွတ်မှုကို အားနည်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကိုနှင့် လက်အောက်ကို အလိုမလိုက်ရန်လိုကြောင်း၊ မိမိကိုယ်မိမိအလိုလိုက်ပါက ပျက်စီးနိုင်ပြီး လက်အောက်ကို အလိုလိုက်လျှင် အမှုအခင်းများ၊ ပြဿနာများနှင့် ရှုပ်ထွေးလာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တပ်မှူးများအားလုံးသည် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်ပြည့်စုံနေရန်လိုကြောင်း၊ ခေါင်းဆောင်မှုမကောင်းလျှင် နောက်လိုက်ကောင်းလည်း မရနိုင်ကြောင်း၊ တပ်မှူးများအနေဖြင့် လက်အောက်ကိုအမြဲတမ်းဆုံးမသွန်သင်ပေးရန်လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း ထိန်းသိမ်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မှူး၊ အရာရှိကြီးများသည် တပ်မိသားစုနှင့် ထိတွေ့ရန်လိုသကဲ့သို့ ပြည်သူလူထုနှင့်လည်းအပြုသဘော ဆောင်သည့် ထိတွေ့မှုရှိရန်လိုကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ ပျော်ပွဲရွှင်ပွဲများသည် မိမိတပ်မိသားစုများနှင့် ထိတွေ့မှုများပင်ဖြစ်သည့်အတွက် မှန်မှန်ကန်ကန်လုပ်ရန်လိုကြောင်း၊ Commander သည် အမုန်းခံရမည်၊ ပြောစရာရှိကပြောရမည်၊ အရေးယူစရာရှိက ယူရမည်၊ ချီးမြှင့်စရာရှိက ချီးမြှင့်ရမည်၊ နေရာပေးစရာရှိက နေရာပေးရမည်၊ အသိအမှတ်ပြုစရာရှိက အသိအမှတ်ပြုရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် လက်အောက်၏အခြေအနေအမှန်ကို သိရှိရန်လိုကြောင်း ၎င်းက မှာကြားသည်။
တပ်မတော်တွင် သစ္စာဖောက်မှု၊ စစ်ဆင်ရေးမှုနှင့် မူးယစ်ဆေးဝါးမှုများသည် လုံးဝခွင့်လွှတ်၍မရသည့် အမှုများဖြစ်ပြီး ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် ရိုးသားမှုနှင့် ကြိုးစားမှုကိုအခြေခံ၍ နိုင်ငံတော်နှင့်တပ်မတော်အပေါ် အမြဲတမ်းသစ္စာစောင့်သိစွာဖြင့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်သွားကြရန်လိုကြောင်း တပ်မတော်ကာကွယ်ဦးစီးချုပ်က ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ခဲ့ကြသည်။