Myanmar National Post

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပ



နေပြည်တော်၊ စက်တင်ဘာ ၂၉

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ မြိုင်ကလေးမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေး ဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်များ၊ အောင်ပန်းကုံးများကမ်း၍လည်းကောင်း၊ အတီး အမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူတစ်ဦးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 


#News #Myanmar

မူရင်းသတင်း — Myanmar National Post