
စက်တင်ဘာ - ၃၀ ( ဗုဒ္ဓဟူးနေ့ )
(၃၃) ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC၊ အေပက်) ထိပ်သီးအစည်းအဝေး ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက် တို့မှာ တရုတ်နိုင်ငံ၊ ဂွမ်တုန်းပြည်နယ်၊ ရှန်ဇန် မြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်လို့ အေပက် ထိပ်သီးအစည်းအဝေးရဲ့ ဘေးဘက်တွေ့ဆုံမှုအနေနဲ့ ရုရှား၊ တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗလာဒီမာ ပူတင်၊ ရှီကျင့်ဖျင် နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ သုံးပွင့်ဆိုင် တွေ့ဆုံပွဲကို စီစဉ်ပေးနိုင်ခဲ့ရင် ဒါဟာ အလွန်ပဲ အကျိုးရှိလိမ့်မယ်လို့ မော်စကိုမြို့ဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းဟန်ဟွီ က ရုရှား Izvestia သတင်းစာအိုင်ဗက်ရှား နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။
"ဒီလို သုံးပွင့်ဆိုင် တွေ့ဆုံပွဲမျိုးကို စီစဉ်ပေးနိုင်ရင် ဒါဟာ ဘက်စုံကမ္ဘာသစ် ပေါ်ပေါက်လာဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အကျိုးရှိမှာမို့လို့ တကယ်ကို အသုံးဝင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ရုရှား၊ အမေရိကန်နဲ့ တရုတ်တို့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်သလို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေလည်း ဖြစ်ကြလို့ပါ။ ဒီကမ္ဘာကြီးရဲ့ အနာဂတ်ဟာ ကျနော်တို့အပေါ်မှာ မူတည်နေပါတယ်" လို့ တရုတ်သံတမန်က မှတ်ချက်ပြုခဲ့ပါတယ်။
ဒါ့အပြင် သူက အခြားနိုင်ငံတွေအနေနဲ့ "အိမ်နီးချင်းနိုင်ငံတွေအကြား၊ အင်အားကြီးနိုင်ငံတွေအကြား ဆက်ဆံရေးကို ဘယ်လိုတည်ဆောက်ရမလဲ" ဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ရုရှားကို စံနမူနာယူသင့်ကြောင်း၊ "ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။
အစောပိုင်းကလည်း ရုရှားသမ္မတကိုယ်စား ပြောခွင့်ရှိသူ ယူရီယူရှာကော့ က ရှန်ဇန်းမြို့မှာ ကျင်းပမယ့် လာမယ့် အေပက် ထိပ်သီးအစည်းအဝေးရဲ့ အိမ်ရှင်ဖြစ်သူ ရှီကျင့်ဖျင်အနေနဲ့ ဒီတွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက် ခြေလှမ်းစတင် ပြုလုပ်နိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုထားဖူးပါတယ်။
REF: Tass
#News #Myanmar