
စက်တင်ဘာ - ၃၀ ( ဗုဒ္ဓဟူးနေ့ )
အာဖရိကတိုက်ရဲ့ လူဦးရေ အများဆုံးနိုင်ငံဖြစ်တဲ့ နိုက်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းက တရားမဝင် ဒုစရိုက်သမားတွေ ခိုလှုံနေတဲ့ တောအုပ်စခန်းတွေကို ဝင်ရောက်စီးနင်းရာမှာ ပြန်ပေးဆွဲခံရသူတွေရဲ့ ဦးခေါင်းခွံ ၂၈ ခုထက်မက ရှာဖွေတွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဘီယာပြည်နယ်၊ ဥမူအာကူ နဲ့ အန်နီအာတို တောအုပ်တွေအတွင်း စနေနေ့က ပြုလုပ်ခဲ့တဲ့ စီးနင်းမှုတွေအတွင်း ရဲတပ်ဖွဲ့ဟာ ဒီဦးခေါင်းခွံတွေနဲ့ အခြားအရိုးစုတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး မသင်္ကာသူတွေကတော့ ရဲတပ်ဖွဲ့ဝင်တွေ မဖမ်းဆီးနိုင်မီ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ရဲပြောရေးဆိုခွင့်ရှိသူ က ပြောကြားခဲ့ပါတယ်။
"ဒုစရိုက်စခန်းတွေကို နောက်ပိုင်းမှာ ဖျက်ဆီးရှင်းလင်းလိုက်ပြီးပါပြီ။ ထွက်ပြေးသွားတဲ့ သံသယရှိသူတွေကို ဖမ်းဆီးရမိဖို့ ကြိုးပမ်းမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသလို အဲဒီနယ်မြေကိုလည်း ဆက်လက်စောင့်ကြည့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်" လို့ လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီရုပ်ကြွင်းတွေကို ရှာဖွေတွေ့ရှိချိန်မှာပဲ နိုက်ဂျီးရီးယားနိုင်ငံရဲ့ အခြားဒေသတွေမှာလည်း လူအများအပြား ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ စနေနေ့တုန်းက နိုက်ဂျာ ပြည်နယ်မှာ မြေပဲရိတ်သိမ်းနေတဲ့ တောင်သူ အနည်းဆုံး ၄၇ ဦးကို လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို တနင်္ဂနွေနေ့ကလည်း အိမ်နီးချင်း ဇမ်ဖာရာ ပြည်နယ်မှာ အမျိုးသမီး ၄၀ ခန့် ပြန်ပေးဆွဲခံခဲ့ရတယ်လို့ လုံခြုံရေးအစီရင်ခံစာတွေနဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
နိုက်ဂျီးရီးယား စစ်တပ်ကတော့ တနင်္ဂနွေနေ့က ဇမ်ဖာရာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အခြား ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှု နှစ်ခုကို တားဆီးနိုင်ခဲ့ပြီး လူ ၁၀ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
နိုက်ဂျီးရီးယားနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ဂျီဟာဒ်အစွန်းရောက် အဖွဲ့တွေနဲ့ လက်နက်ကိုင် ဂိုဏ်းပေါင်းစုံရဲ့ ပြန်ပေးဆွဲမှုတွေကြောင့် လုံခြုံရေးဆိုင်ရာ ကြီးမားတဲ့ အကျပ်အတည်း နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဘိုကိုဟာရမ် ၊ အစ္စလာမ်မစ်စတိတ် (IS) နဲ့ ချိတ်ဆက်ထားတဲ့ ISWAP အဖွဲ့နဲ့ အန်ဆာရူ အဖွဲ့တို့ဟာ အရပ်သားတွေကို ပြန်ပေးဆွဲလေ့ရှိကြသလို ဒေသတွင်းမှာ ဓားပြတပ်ဖွဲ့များ လို့ လူသိများတဲ့ လက်နက်ကိုင်ဂိုဏ်းတွေကလည်း အထူးသဖြင့် အနောက်မြောက်ပိုင်း နဲ့ အလယ်ပိုင်းမြောက်ဘက် ဒေသတွေမှာ ပြန်ပေးငွေတောင်းဖို့အတွက် လူတွေကို ဖမ်းဆီးလေ့ရှိကြပါတယ်။
REF: RT
#News #Myanmar