


တွံတေး၊ စက်တင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ အောင်သိဒ္ဓိစကြာရှင်၊ အောင်သိဒ္ဓိသစ္စာရှင်၊ အောင်သိဒ္ဓိမေတ္တာရှင်၊ အောင်စကြာမုနိ ဗုဒ္ဓရုပ်ပွားတော်များ ပင့်ဆောင်လာသော ရုပ်ပွားတော် (၄) ဆူနှင့် ဘုရင်မကြီး ရှင်စောပုရုပ်တု ပူဇော်ပွဲကို ယနေ့နေလယ် ၁ နာရီအချိန်က ရွှေဆံတော်စေတီရင်ပြင်ရှိ ဦးကြီးစိန် + ဒေါ်တင်လှတန်ဆောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံး ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဋ္ဌေးအောင် ဦးဆောင်သောအဖွဲ့နှင့် ပင့်ဆောင်ထားသော ရုပ်ပွားတော် (၄) ဆူနှင့် ဘုရင်မကြီး ရှင်စောပုရုပ်တုတို့သည် တွံတေးမြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဒုတိယနေ့ ဆက်လက်ပူဇော်ခံသည်။ ဆက်လက်၍ ပင့်ဆောင်ထားသော ရုပ်ပွားတော် (၄) ဆူနှင့် ဘုရင်မကြီး ရှင်စောပုရုပ်တုတို့ကို ဦးကြီးစိန် + ဒေါ်တင်လှ တန်ဆောင်း၌ ကိန်းဝပ်တော်မူပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဒေါက်တာဘဒ္ဒန္တဝါရိန္ဒထံမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်နှင့် လွှတ်တော်ရေးရာကော်မတီဝင်များ၊ အလှူရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်ဘုရားကြီးထံမှ သီလတော်မြတ်ခံယူဆောက်တည်ကြသည်။ ယင်းနောက် ကျိုက်မရောမြို့၊ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဝါရိန္ဒနှင့် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ နန္ဒေါဘာသတို့အား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းကြပြီး အလှူရှင် (၈) ဦးက ရွှေဆံတော်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိူင်ရန်အတွက် အလှူငွေကျပ် (၁၄၆၆၀၀၀၀) ကျပ်အား လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တဝါရိန္ဒဆရာတော်က ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါအောင်သိဒ္ဓိစကြာရှင်၊ အောင်သိဒ္ဓိသစ္စာရှင်၊ အောင်သိဒ္ဓိမေတ္တာရှင် အောင်စကြာမုနိဗုဒ္ဓရုပ်ပွားတော်များကို အများပြည်သူဖူးမျှော်နိုင်ရန်အတွက် စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီမှ အောက်တိုဘာ (၁) ရက်နေ့ နေ့လယ်အချိန်အထိ (၂) ညအိပ်၊ (၃) ရက် ကိန်းဝပ်တော်မူမှာဖြစ်ပြီး ဖူးမြော်အချိန်ကို မနက် (၆) နာရီမှ ည (၈) နာရီထိ ရွှေဆံတော်စေတီရင်ပြင်ရှိ ဦးကြီးစိန် + ဒေါ်တင်လှ တန်ဆောင်း၌ အပူဇော်ခံထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)
#News #Myanmar