Myanmar National Post

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များအား ဝတ်စုံများ ထောက်ပံ့ပေးအပ်











မော်လမြိုင်၊ စက်တင်ဘာ ၃၀

မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များအား ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့များအနေဖြင့် မိမိတို့တာဝန်ကျရာနယ်မြေများတွင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးယန္တရား ခိုင်မာရေးတို့အတွက် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ်များရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များအား ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မုဒုံနှင့် ပေါင်မြို့နယ်များမှ တပ်ဖွဲ့ဝင်များအားလည်းကောင်း၊ အဖွဲ့အတွင်းရေးမှူး၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးက သံဖြူဇရပ်နှင့် သထုံမြို့နယ်များမှ တပ်ဖွဲ့ဝင်များအားလည်းကောင်း ဝတ်စုံများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


သတင်း - မွန်တို့ဌာနေ

#News #Myanmar

မူရင်းသတင်း — Myanmar National Post