







နေပြည်တော်၊ အောက်တိုဘာ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နှင်းဆီလမ်း ရေမြောင်းများအား နောင်လာမည့် ဘဏ္ဍာရေးနှစ်တွင် အုတ်စီရေမြောင်း ရရှိအောင် ရေးဆွဲတွက်ချက်၍ အဆင့်မြှင့်တင် ဆောင်ရွက်သွားရန်၊ နှင်းဆီလမ်းနှင့် စစ်ကိုင်းလမ်းဆုံ Box Culvert အဝတွင် မြေသားမြောင်းနံရံ ရေတိုက်စားမှု မရှိစေရေး အတွက် ရေဝဲပုံစံ(မြေကာ)နံရံအား လျာထားတွက်ချက် ဆောင်ရွက်သွားရန်နှင့် သတ်မှတ်စံချိန် စံညွှန်းပြည့်မီ၍ ထိရောက်အကျိုးရှိစေရေး၊ ယခင်(၃)နှစ်ခန့်က ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများပေါ် အခြေခံပြီး ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ သတ်မှတ်ရန်၊ ဘတ်ဂျက်လျာထား အကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ မြောက်ချောင်းအား ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများအသုံးပြု၍ ဆယ်ယူ ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းအပေါ်မူတည်၍ ဘတ်ဂျက်လျာထား ဆောင်ရွက်ရန်၊ ရေရှည်အတွက် ဆက်စပ်ဌာနဆိုင်ရာများပါဝင်သော Comprehensive Master Plan ရေးဆွဲ ဆောင်ရွက်ရန်နှင့် ရထားသံလမ်းအောက်ရှိ ရေမျောအမှိုက်များအား ဆယ်ယူရန်တို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းဘေးရှိ နရံဘန်ချောင်း ရေစီးရေလာကောင်းမွန်စေရေး သဲနှုန်းဖော်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဆယ်ယူရရှိသည့် သဲနှုန်းများကို သတ်မှတ်ထားသည့် စွန့်ပစ်မြေနေရာများကို စနစ်တကျ ဆောင်ရွက် စွန့်ပစ်ရန်၊ တံတားဘေးရှိ ပျက်စီးနေသော Wing Wall(ဘဲတောင်နံရံ) များ သက်ဆိုင်ရာနှင့် ညှိနိုင်းပြီးအမြန်ပြုပြင်ဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနိုင်အောင် စက်ယန္တရားအင်အား၊ လူအင်အားကို ထိရောက်စွာ အသုံးပြုရန် မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေကြီးရေလျှံမှု မရှိစေရေး ဆောင်ရွက်နေသည့် ပုဗ္ဗသီရိမြို့နယ်၊ နေရောင်ပြအင်းဘုရားအနီးရှိ သင်းဝါးချောင်း ရေစီးရေလာ ကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
#News #Myanmar