Eleven Media Group

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို စစ်ရေယာဉ် သုံးစင်းဖြင့် ပြန်လည်ခေါ်ယူ

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို စစ်ရေယာဉ် သုံးစင်းဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။

သွားရောက်ခေါ်ဆောင်ခဲ့သည့် စစ်ရေယာဉ်သုံးစင်းမှာ တပ်မတော် (ရေ) ၏ စစ်ရေယာဉ် (မုတ္တမ)၊ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်) တို့ဖြစ်ပြီး မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းသို့ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်မှုများနှင့် အခြားသောလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များ ချိုးဖောက်ခဲ့သည့်အတွက် ပြစ်ဒဏ်များကျခံပြီးနောက် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစိစစ်ပြီး သူ ၁၄၇၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး (ကြည်း၊ရေ၊လေ) တို့အနေဖြင့် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ် ရေးဌာနတာဝန်ရှိသူများထံမှ စနစ်တကျ လွှဲပြောင်းလက်ခံခဲ့ပြီး စစ်ရေယာဉ်များသည် စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် မလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာကြောင်း သိရသည်။

မလေးရှားနိုင်ငံက မြန်မာရွှေ့ပြောင်းနေထိုင်သူများကို နေရပ်ပြန်ပို့သည့် အစီအစဉ်၏ ပထမအဆင့်ကို စက်တင်ဘာ ၂၉ ရက်တွင် စတင်ခဲ့ပြီး အဆိုပါအစီအစဉ်၏ ပထမအသုတ်အဖြစ် မြန်မာရွှေ့ပြောင်း ၁၅၀၀ ကို နေရပ်သို့ပြန်လည်ပို့ဆောင်ခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ထိန်းသိမ်းရေး စခန်းများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ပြန်လည်ထွက်ခွာရန် သဘောတူညီခဲ့ကြသည့် မြန်မာနိုင်ငံသား ၅၀၀၀ အနက် ပထမဆုံး အသုတ်ဖြစ်သည်ဟု မလေးရှားအစိုးရက ပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ရေးသားထားသည်။

မူရင်းသတင်း — Eleven Media Group