
တနင်္သာရီတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသည့် ရေကြီးမြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲစွာလုပ်ဆောင်နေရကြောင်းသိရသည်။
စက်တင်ဘာနောက်ဆုံးအပတ်မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ သရက်ချောင်းမြို့နယ်များတွင် မြေပြိုမှုများ၊ ရေကြီးများဖြစ်နေကာ ထားဝယ်မြို့နယ်တွင် ကားလမ်းရေကျော်ခြင်းများ၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တနင်္သာရီမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက် ကျော်သွားသည့်အတွက် ကျေးရွာများစွာ ရေနစ်မြုပ်ကာ ပြည်ထောင်စုလမ်းမကြီးလည်း သွားလာမရတော့ကြောင်း သိရသည်။
"လောင်းလုံးမြို့နယ် အဝင်သဗျာတံတားက စက်တင်ဘာလ ၃၀ ရက်နေ့မှာ သွားလို့မရတဲ့အထိ ပျက်စီးသွားပြီ။ ထားဝယ်မြို့ပေါ်မှာက ရေကျော်တာ ပြန်ကျသွားပြီ။ အဆိုးဆုံးက လောင်းလုံးမြို့နယ်ဖြစ်တယ်။ မြေပြိုတဲ့ဘေးကြောင့် လူ ၂၀ ခန့် သေဆုံးသွားပြီလို့ သိရတယ်။ ရွာ ၂၀ ကျော် မြေပြိုတဲ့အထဲ ပါသွားပြီ။ ပျောက်ဆုံးနေတဲ့သူတွေ အများကြီးပါ။ ကယ်ဆယ်ရေးသမားတွေ အပြင်းအထန်ကြိုးစားနေရတာ တွေ့ရတယ်။ ကျေးရွာချင်းဆက်လမ်းမရောက်တဲ့ တီကျစ်ကျေးရွာမှာလည်း ပိတ်မိနေတာတွေ ရှိသေးတယ်။ ထိခိုက်မှုတွေ စာရင်းအတိအကျ ဘယ်သူမှ မပြောနိုင်သေးဘူး။ ကယ်ဆယ်ရေးအပိုင်းက အရေးကြီးဆုံးဖြစ်နေတာ"ဟု ထားဝယ်ဒေသခံတစ်ဦးက ပြောကြားသည်။
တံတားကျိုးကျခြင်း၊ လမ်းများတွင် ရွှံ့နွံ့များ ဖုံးလွမ်းနေသည့်အတွက် ကယ်ဆယ်ရေးလုပ်ရန် ယန္တရားကြီးများ လိုအပ်နေကြောင်း၊ အရေးပေါ်ရိက္ခာများနှင့်အတူ သွားရောက်နေကြောင်း၊ လမ်းများ ပိတ်နေသည့်အတွက် ရသည့်နည်းလမ်းဖြင့် လမ်းကြောင်းရှာဖွေ သွားလာနေရကြောင်း ဒေသခံများနှင့် တိုင်ပင်ရှာဖွေနေရကြောင်း ပရဟိသမားများက ဆိုသည်။
စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်များတွင်လည်း ဆက်သွယ်ရေးအော်ပရေတာအားလုံး ပြတ်တောက်သွားပြီး လက်ရှိတွင် အော်ပရေတာ နှစ်ခုသာ လိုင်းပြန်ပွင့်သေးကြောင်း သိရသည်။
ထားဝယ်ဘက်တွင် မိုးသည်းထန်းမှုကြောင့် တနင်္သာရီမြစ်ရေမှာလည်း အရှိန်အဟုန်ဖြင့် ထိုးတက်သွားကာ စက်တင်ဘာ ၃၀ ရက် တိုင်းထွာချက်အရ အန္တရာယ်ရေအမှတ်ကို ကျော်၍ (၂၈ ပေ ၄ လက်မ) အထိ ရောက်နေကြောင်း သိရသည်။
တနင်္သာရီမြစ်ရေ ရေထိန်းနံရံကျော်ရန် အနည်းငယ်သာလိုတော့သည့်အနေထား ရောက်နေကာ ကျေးရွာမျာစွာလည်း ရေနစ်မြုပ်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးရှိ ဘုတ်တောင် ( သရက်ချောင်း) တွင် မြေပြိုမှုဖြစ်ပွားနေပြီး သရက်ချောင်းမြို့နယ်ရှိ ကားလမ်းများ ရွှံ့နွံ့ဖုံးလွှမ်းနေကာ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်ကြားတွင် ရေလွှမ်းမှုဖြစ်နေခြင်းကြောင့် ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့နေကြောင်း သိရသည်။
ဓာတ်ပုံ: လူမှုကယ်ဆယ်ရေးအသင်းများ၊ တနင်္သာရီကြက်ခြေနီအသင်း