Eleven Media Group

■ မုန်တိုင်းငယ်တိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ဆိပ်ခံတံတားတချို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့

Photo - မွန်တို့ဌာနေ

မုန်တိုင်းငယ်တိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ဆိပ်ခံတံတားတချို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် ညနေပိုင်းက မွန်ပြည်နယ်ကို ဖြတ်ကျော်တိုက်ခတ်ခဲ့သည့် မုန်တိုင်းငယ်၏အရှိန်ကြောင့် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ောကာင်း သိရသည်။

အဆိုပါအခြေအနေကြောင့် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ဆိပ်ခံတံတားတချို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ၎င်းဌာနနှင့်နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “အဲဒီမုန်တိုင်းငယ်ဝင်တဲ့နေ့က သံလွင်မြစ်ထဲမှာ လှိုင်းလေကြီးတော့ ရွှေမြိုင်ဆိပ်ခံဘောတံတား (ဒေသအခေါ် အမှတ် ၄ တံတား) နဲ့ Floating Bar ဖွင့်လှစ်ထားတဲ့ ထားဝယ်ဆိပ်ခံဘောတံတားတွေ ထိခိုက်မှုဖြစ်ရှိခဲ့ပါတယ်” ဟု ပြောကြားသည်။

လှိုင်းဒဏ်လေဒဏ်ကြောင့် ရွှေမြိုင်ဆိပ်ခံဘောတံတားရှိ Section Ball ပြုတ်ထွက်သွားသော်လည်း သင်္ဘောကပ်သည့်ဘောမှာ မျောပါသွားခြင်းမရှိခဲ့ကြောင်းနှင့် Floating Bar ဖွင့်လှစ်ထားသည့် ထားဝယ်ဆိပ်ခံဘောတံတားမှာလည်း ဆိုင်းကြိုးများပြုတ်ထွက်ကာ ဘောတံတားအထိုင်စောင်းသွားကြောင်း ၎င်းကဆိုသည်။

မုန်တိုင်းငယ်အရှိန်ကြောင့် ဆိပ်ခံဘောတံတားများ ထိခိုက်ပျက်စီးမှုအခြေအနေများကို စက်တင်ဘာ၂၉ ရက် နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းနှင့် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ရန် ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းက သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group