Eleven Media Group

■ ရေတာရှည်မြို့နယ်ဘူတာတွင် ခေတ်မီလေအေးပေးစက်ပါ ခရီးသည်စီး အထူးရထား (DEMU) အား ရပ်တန့်ပေးရန် အစီအစဉ်မရှိသေးဘဲ ခရီးသည်စီးနင်းမှုများပြားလာပါက အမြန်ရထားများ ရပ်တန့်ပေးသွားမည်ဟု တိုင်းဒေသကြီးဝန်ကြီး ဖြေကြား

တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ရေတာရှည်ဘူတာတွင် ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် ခေတ်မီလေအေးပေးစက်ပါ ခရီးသည်စီး အထူးရထား (DEMU) များ ရပ်တန့်ပေးရန် လက်ရှိတွင် အစီအစဉ်မရှိသေးဘဲ ရေတာရှည်ဘူတာ၌ လက်ရှိရပ်တန့်ပေးနေသည့် ရထားများတွင် ခရီးသည်စီးနင်းမှု များပြားလာပါက ရန်ကုန်-မန္တလေး အမှတ် ၁၁ အဆန်၊ အမှတ် ၁၂ အစုန် လေအိတ်အမြန်ရထားများကို ပြန်လည်ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွဋ်က စက်တင်ဘာ ၃၀ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (သတ္တမနေ့) တွင် ရေတာရှည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကိုကို၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဦးထွန်းကိုကိုက ရေတာရှည်ဘူတာတွင် ရန်ကုန်-မန္တလေး အဆန်/အစုန် DEMU အမြန်ရထားများ သို့မဟုတ် ရန်ကုန်-မန္တလေး အဆန်/အစုန် ရိုးရိုးအမြန်ရထား အမှတ် (၁၁) အဆန်၊ အမှတ် (၁၂) အစုန်တို့ကို ရပ်တန့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ရပ်တန့်ပေးမည်ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

ရေတာရှည်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၆၄ အုပ်စုရှိပြီး စွာမြို့၊ သာဂရ၊ မြို့လှ၊ ရေနီနှင့် ရေတာရှည်မြို့တို့ ပါဝင်ကြောင်း၊ ဒေသခံများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိနေချိန်တွင် မီးရထားကို ပိုမိုအားကိုးလာကြသော်လည်း ရေတာရှည်ဘူတာတွင် ရထားများ ရပ်တန့်ပေးခြင်းမရှိသဖြင့် မီးရထားစီးနင်းရန်အတွက် ဆွာဘူတာ သို့မဟုတ် တောင်ငူဘူတာသို့ သွားရောက်စီးနင်းနေရကြောင်း ဦးထွန်းကိုကိုက တင်ပြခဲ့သည်။

ရေတာရှည်နှင့် ဆွာမြို့မှာ (၉) မိုင်ခန့်၊ ရေတာရှည်နှင့် တောင်ငူမြို့မှာ (၁၇) မိုင်ခန့် ကွာဝေးသဖြင့် အပြန်ခရီးတွင်လည်း ရထားမှဆင်းပြီးနောက် ရေတာရှည်သို့ ပြန်လည်သွားလာရာ၌ အခက်အခဲများရှိကြောင်း ဒေသခံပြည်သူများက တင်ပြလာသဖြင့် အဆိုပါမေးခွန်းကို မေးမြန်းခြင်းဖြစ်ကြောင်း ဦးထွန်းကိုကိုက တင်ပြမေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီး ဦးကျော်ထွဋ်က ရေတာရှည်ဘူတာတွင် ယခင်က ရန်ကုန်-မန္တလေး ပြေးဆွဲသည့် အမှတ် ၁၁ အဆန်နှင့် အမှတ် ၁၂ အစုန် အမြန်ရထားများ ရပ်တန့်ပေးခဲ့ကြောင်း၊ သို့သော် ခရီးသည်စီးနင်းမှုအခြေအနေအရ အမှတ် (၁၁) အဆန်ရထားတွင် တစ်ရက်ပျမ်းမျှ ခရီးသည် ၇ ဦးခန့်နှင့် အမှတ် (၁၂) အစုန်ရထားတွင် တစ်ရက်ပျမ်းမျှ ခရီးသည် ၅ ဦးခန့်သာ စီးနင်းခဲ့သဖြင့် ခရီးသည်စီးနင်းမှု နည်းပါးခြင်းကြောင့် မိုင်နှုန်းတိုးမြှင့်သည့်အချိန်တွင် ရေတာရှည်ဘူတာ၌ ရပ်တန့်ခြင်းမပြုတော့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

လက်ရှိတွင် ရေတာရှည်ဘူတာ၌ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ် အမှတ် ၁ အဆန်၊ အမှတ် ၂ အစုန် စာပို့ရထားများနှင့် နေပြည်တော်-တောင်ငူ-နေပြည်တော် ခရီးစဉ် သ-၅၀၁ အဆန်၊ သ-၅၀၂ အဆုံ ခရီးတိုရထားများ ရပ်တန့်ပေးနေကြောင်း ၊သို့ရာတွင် နေပြည်တော်-တောင်ငူ ခရီးတိုရထား သ-၅၀၁ အဆန်၊ သ-၅၀၂ အစုန် ရထားများတွင်လည်း တစ်ရက်ပျမ်းမျှ ခရီးသည် ၂ ဦးခန့်သာ စီးနင်းနေသဖြင့် လက်ရှိခရီးသည်စီးနင်းမှုအခြေအနေအရ ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် DEMU ရထားများကို ရေတာရှည်ဘူတာ၌ ရပ်တန့်ပေးနိုင်ခြင်း မရှိသေးကြောင်း ဝန်ကြီး ဦးကျော်ထွဋ်က ဖြေကြားသည်။

ဆက်လက်၍ လက်ရှိရပ်တန့်ပေးထားသည့် ရထားများတွင် ခရီးသည်စီးနင်းမှု များပြားလာပါက ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် အမှတ် (၁၁) အဆန်နှင့် အမှတ် (၁၂) အစုန် အမြန်ရထားများကို ရေတာရှည်ဘူတာ၌ ပြန်လည်ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီး ဦးကျော်ထွဋ်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group