
အစ္စရေးသို့ပျံသန်းသည့် FlyDubai လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်တစ်စင်းပေါ်တွင် လေယာဉ်မှူးနှစ်ဦးကြား အပြင်းအထန် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် လေယာဉ်ကို ဆော်ဒီအာရေဗျတွင် ပြောင်းလဲဆင်းသက်ခဲ့ရကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
အစ္စရေး အရာရှိများ၏ အဆိုအရ ဒူဘိုင်းမှ အစ္စရေးနိုင်ငံ သို့ ပျံသန်းလာသော Flydubai လေကြောင်းလိုင်း၏ လေယာဉ်ပေါ်တွင် လေယာဉ်မှူးနှစ်ဦးကြား အကြမ်းဖက်မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ယင်းသည် အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်သည်ဟု အစ္စရေး အာဏာပိုင်များက ယူဆထားသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ဒူဘိုင်းမှ တဲလ်အဗစ် သို့ ပျံသန်းလာသော လေယာဉ်သည် ဆော်ဒီအာရေဗျနိုင်ငံသို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရသည်။
လေယာဉ်လမ်းကြောင်း စောင့်ကြည့်မှု အချက်အလက်များအရ အဆိုပါ လေယာဉ်သည် အရှေ့ပိုင်းစံတော်ချိန် နံနက် ၁ နာရီ ၂၀ မိနစ်ခန့်တွင် မိနစ်ပိုင်းမျှအတွင်း ပေ ၁၇၄၀၀ ခန့် ရုတ်တရက် ထိုးဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းဖြစ်စဉ်ကြောင့် အစ္စရေး ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့သည် အရေးပေါ် လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့သည်။
အရေးပေါ် အကြောင်းကြားစာ လက်ခံရရှိပြီးနောက် အစ္စရေး တိုက်လေယာဉ်များကို ချက်ချင်း စေလွှတ်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်၏ အရေးပေါ် ဆင်းသက်မှုသည် ဆော်ဒီအာရေဗျနိုင်ငံအတွင်းသို့ အစ္စရေးနိုင်ငံသား အများအပြား တစ်ပြိုင်နက်တည်း ရောက်ရှိလာခဲ့သည့် ရှားပါးဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။
အစ္စရေးအာဏာပိုင်များအနေဖြင့် ခရီးသည်များကို နေရပ်သို့ ပြန်လည်ခေါ်ဆောင်နိုင်ရန် စစ်ဘက်လေယာဉ် သို့မဟုတ် အရပ်ဘက် လေယာဉ်တစ်စင်း စေလွှတ်နိုင်ရန် ဖြစ်နိုင်ခြေများကို လေ့လာစုံစမ်းလျက်ရှိကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Ref:CNN