Eleven Media Group

■ အမြန်လမ်းမကြီးတွင် ယာဉ်တစ်စီးက လူနှစ်ဦးကို နောက်မှ ဝင်တိုက်မိသဖြင့် နှစ်ဦးစလုံးသေဆုံးခဲ့ပြီး ယာဉ်ကိုထားကာ ထွက်ပြေးရန်ကြိုးစားသည့် ယာဉ်မောင်းကို ဖမ်းဆီးတရားစွဲဆိုထား

အမြန်လမ်းမကြီးတွင် ယာဉ်တစ်စီးက လူနှစ်ဦးကို နောက်မှ ဝင်တိုက်မိသဖြင့် နှစ်ဦးစလုံးသေဆုံးခဲ့ပြီး ယာဉ်ကိုထားကာ ထွက်ပြေးရန်ကြိုးစားသည့် ယာဉ်မောင်းကို ဖမ်းဆီးတရားစွဲဆိုထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံက သိရသည်။

စက်တင်ဘာ ၂၉ ရက် ၊ ည ၈ နာရီ ၃၅ မိနစ်ခန့်တွင် ၊ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၆၈/၄နှင့် ၆၈/၅ကြား (နေပြည်တော် မှ ရန်ကုန်သို့)(အပြန်လမ်း)တွင် မောင်းနှင်လာသည့် Toyota Noah အနက်ရောင်ယာဉ်သည် လက်ယာဖက်ယာဉ်ကြောနှင့်ကပ်လျက် မြေသားပေါ်တွင် လမ်းလျှောက်နေသူ အမျိုးသားနှစ်ဦးအား နောက်မှ ဝင်ရောက်တိုက်မိခဲ့သော်လည်း ယာဉ်မောင်းမှာ အမြန်လမ်းမကြီးရဲတပ်ဖွဲ့သို့ မဆက်သွယ်သတင်းမပို့ဘဲ ယာဉ်အားထား၍ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်‌ကြောင့် လမ်းလျှောက်လာသူ အမျိုးသားနှစ်ဦးမှာ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ထိုသို့ယာဉ်တိုက်မှုဖြစ်ပွားစဉ်ယာဉ်ကိုရပ်တန့်၍ အမြန်လမ်းမကြီးရဲတပ်ဖွဲ့သို့ သတင်းပို့အစစ်ဆေးခံရန် ပျက်ကွက်ခဲ့သော 2H/.... Toyota Noah မောင်းနှင်သူ ယာဉ်မောင်းကို ဖမ်းဆီးရမိရေးရှာဖွေဆောင်ရွက်ရာ စက်တင်ဘာ ၃၀ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် မိုင် ၆၉/၄ အနီးတွင် လမ်းဘေး၌ ကားတား၍ထွက်ခွာရန်ကြိုးပမ်းစဉ် ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေပုဒ်မ ၃၀၄(က)/၂၀၂ ဖြင့် တရားစွဲဆိုထားကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းကြောင့် အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားပါက နီးစပ်ရာအမြန်လမ်းမကြီး ရဲတပ်ဖွဲ့ရဲကင်း/ရဲစခန်းများသို့ မဖြစ်မနေ အမြန်သတင်းပို့ရန်နှင့် အမြန်လမ်းမကြီးများ ဥပဒေ အခန်း (၇) ၊ ပုဒ်မ (၁၃) အရ "တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်ခွင့်မပြုသည့် မော်တော်ယာဉ်၊ လှည်းနှင့် ဖြတ်သန်းသွားလာခွင့် မပြုသည့် အခြားယာဉ်များ မောင်းနှင်ခြင်း သို့မဟုတ် ရပ်နားခြင်း၊ လူ၊ တိရစ္ဆာန်များ ဖြတ်သန်းသွားလာခြင်းကြောင့် လူနှင့် ပစ္စည်းထိခိုက်မှု သို့မဟုတ် သေဆုံးမှုဖြစ်ပေါ်ပါက ဥပဒေနှင့်အညီ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာ၍ မောင်းနှင်သည့် မော်တော်ယာဉ်၏ ယာဉ်မောင်းတွင် တာဝန်မရှိစေရ"ဟု ဖော်ပြထားသော်လည်း အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားပါက အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ စစ်ဆေးမှုကိုခံယူအတည်ပြုရန်လိုအပ်ကြောင်း၊ လူ/စက်ဘီး/ထော်လာဂျီ/လှည်းစသည်တို့ကိုတိုက်မိပါက ၎င်းအတိုက်ခံရသူများသည် အမြန်လမ်းမကြီး များဥပဒေကိုဖောက်ဖျက်သူ မှန်/မမှန် နှင့် ယာဉ်မောင်းသည် ဥပဒေနှင့်အညီ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာ၍မောင်းနှင်သူ ဟုတ်/မဟုတ်တို့ကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က စစ်ဆေးအတည်ပြုမည်ဖြစ်ကြောင်း၊ သို့မှသာ စည်းကမ်းလိုက်နာပါလျက် မတော်တဆယာဉ်တိုက်မှု ကျူးလွန်မိသူယာဉ်မောင်းမှာ အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို ခံစားရမည်ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုကိုတိမ်းရှောင်ထွက်ပြေးပါက အမြန်လမ်းမကြီးများဥပဒေ၏ အကာအကွယ်ကို မရရှိတော့ဘဲ အခြားလမ်းများတွင်ဖြစ်ပွားသော ယာဉ်တိုက်မှုကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ ကျခံရမည်ဖြစ်သည်ကို အထူးသတိပေးအပ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group