Eleven Media Group

■ မိုးစပါး ရိတ်သိမ်းခြွေလှေ့ခြင်းနှင့် နွေစပါးထွန်ယက်ခြင်း ဆောင်ရွက်ရန် ဒေသအလိုက် သက်ဆိုင်ရာ စက်သုံးဆီ အရောင်းဆိုင်များက စာရင်းမှတ်စနစ်ဖြင့် ရောင်းချပေးနိုင်ရေး စီမံဆောင်ရွက်ထားဟု ဆို

ပုံစာ - ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် မတ်လအတွင်းက မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူရခက်ခဲနေချိန်တွင် လယ်သမားများနှင့်  လှေသမားအနေဖြင့် စက်သုံးဆီဝယ်ယူခွင့်ရရှိနိုင်ရန် လုပ်ငန်းခွင်သုံးပစ္စည်းများဖြင့် လာရောက်သယ်ယူနေကြသည်ကို တွေ့ရစဉ် Photo Credit - ဝရဇိန် (ပေါင်)

မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်းနှင့် နွေစပါးထွန်ယက်ခြင်းဆောင်ရွက်ရန် ဒေသအလိုက် သက်ဆိုင်ရာစက်သုံးဆီအရောင်းဆိုင်များက စာရင်းမှတ်စနစ်ဖြင့် ရောင်းချပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြောကြားသည်။

စက်တင်ဘာ ၂၉ ရက်က မော်လမြိုင်မြို့ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ပထမနေ့) က ပေါင်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံတင်၏ မိုးစပါးရိတ်သိမ်းချိန်ကာလတွင် စပါးရိတ်သိမ်းခြင်း၊ သယ်ဆောင်ခြင်းလုပ်ငန်းများ အဆင်ပြေစေရန် တောင်သူလယ်သမားတို့အား လိုအပ်သောစက်သုံးဆီများ အချိန်မီဖြန့်ဖြူးရောင်းချပေးရန် စီမံချက်များ ဆောင်ရွက်ထားခြင်း အစီအစဉ်ရှိ/ မရှိ သိရှိလိုသောမေးခွန်းကို ဝန်ကြီး ဦးဇေယျာဦးက ပြန်လည်ဖြေကြားရာတွင် ယင်းသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း သီးနှံစိုက်ပျိုးမှုအနေဖြင့် (၂၀၂၆ - ၂၀၂၇) ခုနှစ်အတွင်း မိုးစပါး ၆၉၉၇၄၆ ဧက စိုက်ပျိုးထုတ်လုပ်ရန်စီမံဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်အထိ စိုက်ပျိုးပြီး ၆၇၅၄၈၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော ရေနောက်ကျစိုက်ဧကများ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း ဝန်ကြီးဦးဇေယျာဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်းနှင့် နွေစပါးထွန်ယက်ခြင်းများဆောင်ရွက်ရန် မွန်ပြည်နယ်တစ်ခုလုံး မြို့နယ် ၁၀ မြို့နယ်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန၏ တင်ပြချက်စာရင်းအရ မိုးစပါးရိတ်သိမ်းခြွေလှေ့ခြင်း စုစုပေါင်းဧရိယာ ၆၁၆၆၃၆ ဧကအတွက် စက်သုံးဆီ (ဒီဇယ်ဆီ) ၁၈၄၉၉၀၈ ဂါလန်နှင့် နွေစပါးထွန်ယက်ခြင်း စုစုပေါင်း ဧရိယာ ၅၁၀၅၇ ဧကအတွက် စက်သုံးဆီ (ဒီဇယ်ဆီ) ၁၅၃၁၇၁ ဂါလန်၊ စုစုပေါင်း စက်သုံးဆီ (ဒီဇယ်ဆီ) ၂၀၀၃၀၇၉ဂါလန်လိုအပ်ချက်ကို ဒေသအလိုက် သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆိုင်များက စာရင်းမှတ်စနစ်ဖြင့် ရောင်းချပေးနိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က စီမံဆောင်ရွက်ထားပြီးဖြစ်ပါတယ်” ဟု ပြောကြားသည်။

သို့ဖြစ်ပါ၍ ၂၀၂၆ - ၂၀၂၇ ခုနှစ်၊ ဘဏ္ဍာနှစ်တွင် လယ်သမားများ စပါးရိတ်သိမ်းခြင်း၊ သယ်ဆောင်ခြင်းကာလ၌ စက်သုံးဆီအလုံအလောက်ဖြန့်ဖြူးရောင်းချပေးရန် အစီအမံအား သက်ဆိုင်ရာမြို့နယ်များရှိ ဒေသအလိုက်နီးစပ်ရာ စက်သုံးဆီအေရာင်းဆိုင်များတွင် စာရင်းမှတ်စနစ်ဖြင့် ဝယ်ယူရရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း ဝန်ကြီး ဦးဇေယျာဦးက ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီများအား ပြည်ပ (ပင်လယ်ရေကြောင်း) မှ တင်သွင်းဖြန့်ဖြူးရာ ယခင်ကာလတွင် မက်ထရစ်တန် ၄၀၀၀၀ အား လစဉ် လိုင်စင်ခွင့်ပြုပေးနေသော်လည်း ယခုနှစ် ဩဂုတ်လမှစတင်ကာ နိုင်ငံတော်၏ စက်သုံးဆီ ခြိုးခြံချွေတာရေးမူဝါဒအရ အမှန်တကယ်သုံးစွဲသည့် ပမာဏကိုသာ ခွင့်ပြုရန်အတွက် မက်ထရစ်တန် ၂၅၀၀၀ ခန့်သာ လိုင်စင်ခွင့်ပြုတော့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ထို့ပြင် မွန်ပြည်နယ်၏ စက်သုံးဆီရည်ညွန်းဈေးနှု်နးမှာလည်း အခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးထက် ဈေးနှုန်းမြင့်နေပြီး လက်ရှိစက်သုံးဆီရည်ညွန်းဈေးနှုန်းအရ မွန်ပြည်နယ်၏ ဓာတ်ဆီ 92 Rom တစ်လီတာဈေးနှုန်းမှာ ရန်ကု
န်မြို့ထက် ၂၅၅ ကျပ်၊ ဘားအံမြို့ထက် ၁၅၀ ကျပ်၊ ပဲခူးမြို့ထက် ၂၄၀ ကျပ်၊ ထားဝယ်မြို့ထက် ၈၀ ကျပ် ပိုများနေဆဲဖြစ်ပြီး ဓာတ်ဆီ (95) Rom တစ်လီတာဈေးနှုန်းမှာလည်း ရန်ကုန်မြို့ထက် ၂၆၀ ကျပ်၊ ဘားအံမြို့ထက် ၁၅၅ ကျပ်၊ ပဲခူးမြို့ထက် ၂၄၅ ကျပ်၊ ထားဝယ်ထက် (၈၅) ကျပ် ပိုများနေကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၏ ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာဈေးနှု်နးမှာလည်း ရန်ကုန်ထက် ၆၅၅ ကျပ်၊ ဘားအံထက် ကျပ် ၅၅၀၊ ပဲခူးထက် ကျပ် ၆၄၀၊ ထားဝယ်ထက် ၄၈၅ ကျပ်ပိုများနေဆဲဖြစ်ပြီး ဒီဇယ်ဆီ (ပရီမီယံ) တစ်လီတာဈေးနှုန်းမှာလည်း ရန်ကုန်ထက် ကျပ် ၂၃၀၊ ဘားအံထက် ကျပ် ၁၂၀၊ ပဲခူးထက် ကျပ် ၂၁၀၊ ထားဝယ်ထက် ကျပ် ၅၀ ပိုများနေဆဲ ဖြစ်သည်။

၎င်းအပြင် မွန်ပြည်နယ် ဒီဇယ်ဆီ (ရိုးရိုး) တစ်လီတာဈေးနှုန်းမှာ စစ်တွေ (ရခိုင်ပြည်နယ်) ထက် ကျပ် ၁၉၀၊ ဟားခါး (ချင်းပြည်နယ်) ထက် ၂၇၅ ကျပ် ပိုများနေသည်ကိုလည်း တွေ့ရသည်။

မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းနေသည့် Importer များအား ရန်ကုန်-သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီတင်သွင်းသော Importer များကဲ့သို့ နိုင်ငံတော်က ဒေါ်လာ မရောင်းပေးသည့်အတွက် Importer က ကိုယ်ပိုင်ဒေါ်လာဖြင့် စက်သုံးဆီတင်သွင်းနေရကြောင်း၊ ဒေါ်လာကိုလည်း နိုင်ငံတော်က ရောင်းချပေးသည့် သတ်မှတ်ဈေးနှုန်းဖြင့်ဝယ်ယူခွင့်မရသည့်အတွက် ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးဝယ်ယူနေရသောကြောင့် ရန်ကုန်မှ စက်သုံးဆီရည်ညွန်းဈေးနှုန်နှင့် မွန်ပြည်နယ်မှ

စက်သုံးဆီရည်ညွန်းဈေးနှုန်း ကွာခြားနေခြင်းမျိုးဖြစ်နေကြောင်း မွန်ပြည်နယ် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးအသင်းမှ သိရသည်။

မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုအား ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းလက်ထက်က Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့ က တင်ဒါအောင်မြင်ထားသည့်အတွက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်းနှင့် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတစ်ဆင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်လည်း Ya Zar Min Industry ကုမ္ပဏီပိုင်ရှင်ဦးညီညီထွေးမှာ စက်သုံးဆီများအား တရားမဝင်မှောင်ခိုရောင်းချမှုများကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ မော်လမြိုင်မြို့နယ်တရားရုံးက ဇူလိုင်လ ပထမပတ်က ထောင်ဒဏ် နှစ်နှစ် ကျခံနေရကြောင်းနှင့် ဦးညီညီထွေးမှာ ဘီးလင်းမြို့နယ်အတွင်းရှိ တရားမဝင်ရွှေလုပ်ကွက်များနှင့် အကြမ်းဖက်အဖွဲ့များထံသို့ စက်သုံးဆီ မှောင်ခိုရောင်းချမှုဖြင့် သထုံခရိုင်တရားရုံးတွင်လည်း အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
ထို့ပြင် ပင်လယ်ပြင်အတွင်းရှိ စက်လှေများသို့လည်း စက်သုံးဆီ တရားမဝင်မှောင်ခိုရောင်းချမှုများနှင့်ပတ်သက်၍လည်း ရာဇာမင်းကုမ္ပဏီမှ တာဝန်ရှိသူတချို့အား မုဒုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခြင်းခံထားရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အလားတူ စက်သုံးဆီလုပ်ငန်းရှင်များဖြစ်ကြသည့် စွမ်းမြန်မာ စက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိန်တင် (ခ) ကာဆင်၊ မိဘမေတ္တာ စက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဇော်ဦး (ခ) ဇော်ဦး၊ မင်းသန့်စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းခိုင်တို့ကိုလည်း စက်သုံးဆီများ တရားမဝင်မှောင်ခိုရောင်းချသည်ဟုဆိုကာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူထားခြင်းခံထားရကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group