Myanmar National Post

တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းအတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (၁၁) ဖွဲ့အား ရန်ပုံငွေပေးအပ်


တောင်ကြီး၊ အောက်တိုဘာ ၁

တိုင်းရင်းသားလူမျိုးစုများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးတမ်းများ ပိုမိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (၁၁) ဖွဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၄၅၀ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထိန်းသိမ်းစောင့်ရှောက် ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (၁၁) ဖွဲ့သို့ ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ပုံငွေပေးအပ်ပွဲတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၌ ရှိသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း/ အဖွဲ့ (၁၁) ဖွဲ့ကို တိုင်းရင်းသားများ၏ စာပေထွန်းကားရေး၊ ရိုးရာတူရိယာများ၊ အသုံးအဆောင်များ ဝယ်ယူစုဆောင်းနိုင်ရေး၊ ရိုးရာအထည်ချုပ်သင်တန်းများဖွင့်လှစ်နိုင်ရေး၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၄၅၀ ကို ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ရန်ပုံငွေများကို မိမိတို့တိုင်းရင်းသားများအတွက် အမှန်တကယ် အကျိုးသက်ရောက်မှုရှိမည့် တိုင်းရင်းသားရေးရာနှင့် သက်ဆိုင်သည့်ကိစ္စရပ်များတွင် အကျိုးရှိရှိ အသုံးပြုကြရန်မှာကြားလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအနေဖြင့် စကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ မတူညီသော်လည်း အချင်းချင်း စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှု၊ ချစ်ခင်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုရှိရန်လိုအပ်ပါကြောင်း၊ ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (၁၁) ဖွဲ့သို့ ရန်ပုံငွေများပေးအပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များသို့လည်း ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ကချင်၊ ကိုးကန့်၊ ထနော့၊ လီဆူ၊ ယင်းကြားနှင့် ယင်းနက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ အဖွဲ့ (၁၁) ဖွဲ့ထံသို့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများပေးအပ်ခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ကိုယ်စားတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post