








မော်လမြိုင်၊ အောက်တိုဘာ ၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က သက်ကြီးပုဂ္ဂိုလ်များအတွက် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုများ မြှင့်တင်ပေးနိုင်ရန်နှင့် ဘေးကင်းလုံခြုံစိတ်ချရသော ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန် ကော်မတီအဆင့်ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ကြီးဘိုးဘွားများ၏ လိုအပ်ချက်များကို အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူအားလုံးက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြရန် တိုက်တွန်းလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက အခမ်းအနားသို့ ကြွရောက်လာကြသော အဘိုးအဘွားများအား ဘိုးဘွားကန်တော့ချိုးဖြင့် ရိုသေစွာ ရှိခိုးကန်တော့ကြပြီး ဂါရဝပြု လက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးတို့က ကျေးဇူးတင်စကားနှင့် ဆုတောင်းမေတ္တာများ ပြန်လည်ပို့သခဲ့ကြကြောင်း သိရသည်။
သတင်း - မွန်တို့ဌာနေ
#News #Myanmar