Myanmar National Post

ပေါင်မြို့နယ်၌ အရန်သားဖွားဆရာမ အသစ်မွေးထုတ်ခြင်း (၆)လသင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်




ပေါင်၊ အောက်တိုဘာ ၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကျေးလက်ဒေသနေ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မှီပေးနိုင်ရန် ရည်ရွယ်၍ အရန်သားဖွားဆရာမ အသစ်မွေးထုတ်ခြင်း (၆)လသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းညွန့်ဝင်းက ကျေးလက်ဒေသများ၌ မိခင်နှင့် ကလေးသေဆုံးမှုနှုန်း လျှော့ချရေး၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ လွှမ်းမိုးနိုင်ရေးတို့အတွက် အရန်သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်းနှင့် သင်တန်းမှ သင်ကြားပေးမည့် စာတွေ့၊ လက်တွေ့ဘာသာရပ်များကို ကြိုးစားသင်ယူကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြို့နယ်မိခင်နှင်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နွေးနွေးက သင်တန်းတက်ရောက်လာသည့် သင်တန်းသူများအနေဖြင့် မိမိတို့၏ ကျေးရွာများသို့ ပြန်လည်ရောက်ရှိသည့်အခါ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို  ကူညီဆောင်ရွက်ပေးကြရန် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ(၁)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့ထိ (၆)လကြာ သင်တန်းသူ(၁၅)ဦးတို့ဖြင့် သင်ကြားပြသသွားမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး

#News #Myanmar

မူရင်းသတင်း — Myanmar National Post