Eleven Media Group

■ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရှေ့တန်းစစ်မျက်နှာသို့ သွားရောက်ပြီး စစ်သားများနှင့် တွေ့ဆုံ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် စက်တင်ဘာ ၃၀ ရက်က ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည့် လီမန်မြို့အနီး ရှေ့တန်းစစ်မျက်နှာသို့ သွားရောက်ခဲ့ပြီး ရုရှားတပ်ဖွဲ့များကို တန်ပြန်ထိုးစစ်ဆင်နေသည့် ယူကရိန်းတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တိုက်ပွဲ အခြေအနေများကို ဆွေးနွေးခဲ့သည်။

"ဒီနေ့မှာတော့ လီမန်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တွေနဲ့ ဒီနေရာမှာ တွေ့ဆုံခဲ့ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြု ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီတပ်ဖွဲ့ဝင်တွေ လုပ်ဆောင်နေတဲ့ တာဝန်တွေနဲ့ ပတ်သက်ပြီး တပ်မှူးနဲ့လည်း ဆွေးနွေးခဲ့ပါတယ်" ဟု ဇယ်လန်းစကီးက လူမှုမီဒီယာတွင် ဗွီဒီယိုဖိုင်တစ်ခုနှင့်အတူ ရေးသားဖော်ပြခဲ့ပြီး အဆိုပါ ဗွီဒီယိုထဲတွင် ၎င်းအား ကွပ်ကဲရေးစခန်း တစ်ခု၌ တွေ့ရှိရသည်။

ယူကရိန်း သမ္မတသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့ချိန်မှစ၍ ရှေ့တန်းစစ်မျက်နှာများသို့ အကြိမ်ကြိမ် သွားရောက်ခဲ့သူ ဖြစ်သည်။

ယူကရိန်းတပ်ဖွဲ့များသည် Operation Vivaldi ဟု အမည်ပေးထားသော တန်ပြန်ထိုးစစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လီမန်မြို့ပတ်ဝန်းကျင်ရှိ နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

■ Ref: AFP

မူရင်းသတင်း — Eleven Media Group