Eleven Media Group

သားဖြစ်သူအား ဂျပန်နိုင်ငံသို့ပို့ဆောင်ရန် အရေးတကြီးငွေလိုနေသည့် အမျိုးသမီးတစ်ဦးက ဗေဒင်ဆရာမတစ်ဦးအား ဓါးကိုင်ခြိမ်းခြောက်ကာ လုယက်ရန်ကြိုးစားမှုဖြစ်ပွား

မွန်ပြည်နယ် မုဒုံမြို့တွင် သားဖြစ်သူအား ဂျပန်နိုင်ငံသို့ပို့ဆောင်ရန် အ ရေးတကြီးငွေလိုနေသည့် အမျိုးသမီး တစ်ဦးက ဗေဒင်ဆရာမတစ်ဦးအား ဓါးကိုင်ခြိမ်းခြောက်ကာလုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၈) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်ခန့်က မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ ကျောင်းသစ်ရပ်၊ ဗညားနွဲ့လမ်းနေ ဗေဒင်လက္ခဏာဆရာမဖြစ်သူ ဒေါ်လှယဉ်ကြည် မှာ နေအိမ်၌ ညီမဖြစ်သူ ဒေါ်စောဝင်းနှင့်အတူ ရှိနေစဉ် ၎င်းတို့နေအိမ်ထဲသို့ ဂျာကင်အကျႌအမဲရောင်၊ ဘောင်းဘီရှည် အမဲရောင် ဝတ်ဆင်ကာ မျက်နှာတွင် Mask အဖြူရောင်တပ်ထားပြီး ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားသည့် အမျိုးသမီး တစ်ဦး ဝင်လာပြီး ၎င်းထံစာရွက်တစ်ရွက်ကမ်းပေးလာ၍ ဒေါ်လှယဉ်ကြည်မှထိုစာရွက်အား ဖတ် ကြည့်ရာ စာရွက်တွင် “ဒေါ်လှယဉ်ကြည်၊ ဒေါ်စောဝင်း ခင်ဗျားတို့ မောင်အသက်မသေ စေချင်ရင် ပြီးတော့ ခင်ဗျားတို့ နှစ်ယောက်အေးအေး ဆေးဆေး ဆက်နေချင်တယ်ဆိုရင် ယခု စာပေးတဲ့သူနဲ့ငွေသိန်း (၃၀၀)ကျပ်ပေး လိုက်ပါ”ဟုရေးသားထားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် ဒေါ်လှယဉ်ကြည် မှာလည်း ကြောက်လန့်ပြီး နေအိမ်အပေါ်ထပ်သို့ ပြေးတက်သွားခဲ့ရာ ထိုအမျိုးသမီးမှ ၎င်းလက်တွင် ကိုင်ထားသည့် အပြာရောင် လက်ဆွဲအိတ်အတွင်း ဓါးမြှောင် (၁)ချောင်းအား ဆွဲထုတ်ပြီးနောက် အိမ်အပေါ်ထပ်သို့ ပြေးလိုက်တက်လာကာ အပေါ်ထပ် အရောက်၌ ဒေါ်လှယဉ်ကြည် အနားသို့ကပ်လာပြီး ဒေါ်လှယဉ်ကြည်၏ လက်ကို ဆွဲကိုင် ထားစဉ် အိမ်အပေါ်ထပ်တွင်ရှိနေသူ ဒေါ်လှယဉ်ကြည်၏ ညီမဖြစ်သူ ဒေါ်စောဝင်းမှ အိမ်အောက်ထပ်‌ ပြေးဆင်းလာကာ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းစဉ် ထိုအမျိုးသမီးမှာ နေအိမ်ထဲမှ ပြေးထွက် သွားကာ အိမ်ရှေ့ ခြံဝန်းထဲ၌ ရပ်ထားသော ၎င်းစီးနှင်းလာသည့် Wave 100 NCX ခဲ/မဲရောင် ဆိုင်ကယ်ပေါ်တက်ကာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားခဲ့သည်။‌

ယင်းနောက် (၁၅)မိနစ်ခန့် အကြာတွင် ဒေါ်လှယဉ်ကြည်၏ အိမ်ရှေ့သို့ ထိုအမျိုးသမီးမှာ ၎င်းစီးနင်းသွားသော Wave 100 NCX ခဲ/မဲရောင် ဆိုင်ကယ်နှင့် ပြန်လာ‌ရောက်၍ ကြည့်ရှုရာ ၎င်းမှာ မြို့မ(၁)ရပ်ကွက်၊ ယုဇနလမ်းနေ မမျိုးသူဇာအောင် ဖြစ်ကြောင်းသိရှိရပြီး၊ မမျိုးသူဇာအောင်မှအိမ်အောက်ထပ်တွင် ကျန်နေခဲ့သည့် ၎င်း၏ အပြာရောင်လက်ဆွဲအိတ်အား လာယူကြောင်းပြောစဉ် ဒေါ်လှယဉ်ကြည်တို့ အိမ်မျက်စောင်း ထိုးနေအိမ်မှ ဦးအောင်မင်းဦး မှ စောစောက ဓါးကိုင်ပြီး လုဖို့လာတာသူပဲဟုပြောကာ မမျိုးသူဇာအောင်အား ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မမျိုးသူဇာအောင် လာပြန်ယူတဲ့ အိတ်ကလည်း ဒေါ်လှယဉ်ကြည်ကို ဓါးကိုင်ကာ ခြောက်လှန့်တောင်းယူစဉ်က ဓါးထည့်ယူလာတဲ့ အိတ်ဖြစ်နေတဲ့အပြင်ကို မမျိုးသူဇာအောင်က ဒေါ်လှယဉ်ကြည် အိမ်မှာကျန်ခဲ့တဲ့ သူ့ရဲ့အိတ်ကို လာ ပြန်ယူတဲ့အခါမှာတော့ သူကို မမှတ်မိအောင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းလာခြင်း မရှိတော့သလို၊ မျက်နှာမှာလည်း Mask မတပ်ထားတော့ဘဲ မူလဝတ်ထားတဲ့ အဝတ်အစားကိုလဲလှယ်ပြီးတော့ အဝါရောင်အကျႌနဲ့ ခဲ+ခရမ်းအကွက်တွေပါတဲ့ ထမီဝတ်ဆင်လာပေမယ့် ဒေါ်လှယဉ်ကြည်က သူ့ကိုလုယက်ဖို့ကြိုးစားခဲ့သူမှန်း သိရလိုက်လို့ ပတ်ဝန်းကျင်ကို အကူအညီတောင်းခံပြီး မမျိုးသူဇာအောင်ကို ဝိုင်းဝန်းဖမ်းဆီးရမိခဲ့တာပါ” ဟု ပြောကြားသည်။

ထိုနောက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး မမျိုးသူဇာအောင်အား စစ်ဆေးမေးမြန်းခဲ့ရာ မမျိုးသူဇာအောင်မှ ၎င်း၏ သားဖြစ်သူအား ဂျပန်နိုင်ငံသို့သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ပေးဆောင်ရမည့်ငွေ အရေးတကြီးလိုအပ်၍ ၎င်းနှင့် အတန်အသင့်ရင်းနှီးပြီး နေအိမ်သို့ မကြာခဏသွားရောက်ဖူးသည့် ဒေါ်လှယဉ်ကြည် ၏ နေအိမ်သို့ သွား‌ရောက်ကာ ၎င်းအား ယခုကဲ့သို့ ဓါးကိုင်ခြောက်လှန့်၍ ငွေတောင်းခံရန် ကြံစည် အားထုတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

၎င်းနောက်တွင် အခင်းဖြစ်စဉ်တွင် မမျိုးသူဇာအောင် အသုံးပြုခဲ့သည့် MON 50 W/ ----- နံပါတ်တပ်ဆင်ထားသော Wave 100 NCX ခဲ/မဲရောင် ဆိုင်ကယ်(၁)စီး၊ အသွား(၆)လက်မခန့်၊ အရိုး(၃)လက်မခွဲကျော်ခန့် စုစုပေါင်း (၉)လက် မခွဲခန့်ရှိ သစ်သားရိုးတပ် ဓါးမြှောင်(၁)ချောင်းနှင့် SHINE တံဆိပ်ပါ အပြာရောင်နိုင်လွန် သား လက်ဆွဲအိတ်(၁)လုံး၊ ခြောက်လန့်တောင်းယူရာတွင် ခြိမ်းခြောက်သည့် စာများ ရေးသားထားသည့် စာရွက်တို့အား သက်သေများရှေ့တွင် သက်ဆိုင်ရာက သိမ်းဆည်းခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်လှယဉ်ကြည် အိမ်ထဲသို့ ဝင်ရောက်ကာ အသက်အန္တရာယ်အား ခြိမ်းခြောက် သည့် ငွေတောင်းခံစာပေးကာ ငွေသိန်း(၃၀၀)ကျပ်ပေးစေရန် ဓါးကိုင်ပြီး ခြောက်လှန့် ငွေတောင်းခံခဲ့သူ မမျိုးသူဇာအောင်အား မုဒုံမြို့မရဲစခန်းတွင် (ပ) ၁၁၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ-၃၈၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Eleven Media Group