
စက်တင်ဘာ ၃၀ ရက်က ဒူဘိုင်းမှ အစ္စရေးသို့ ပျံသန်းလာသည့် Flydubai လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဥ်ပေါ်တွင် တွဲဖက်လေယာဥ်မှူးတစ်ဦးက အဓိကလေယာဥ်မှူးကို ဓားဖြင့်တိုက်ခိုက်ခဲ့ပြီး အရေးပေါ်အခြေအနေ ဖြစ်ပွားချိန်တွင် ခရီးသည်တစ်ဦး ဖြစ်သည့် ရာနစ် ဟာယန်က လေယာဥ်လက်ကိုင်ကို အရင်ဆုံးထိန်းချုပ်နိုင်ခဲ့ကြောင်း Firstpost သတင်းတွင် ဖော်ပြထားသည်။
ရာနစ်ဗ်က သူသည် Mayday အမည်ရှိ လေယာဥ်ပျက်ကျသည့် ရုပ်သံဇာတ်လမ်းတွဲကို ကြည့်ရှုခဲ့ချိန်က ရရှိခဲ့သည့် အခြေခံ လေကြောင်းဗဟုသုတများဖြင့် အောက်ဘက်သို့နိမ့်ဆင်းနေသည့် လေယာဥ်ကို အပေါ်ပြန်တက်စေရန် လေယာဥ်လက်ကိုင်ကို ထိန်းချုပ်ခဲ့ကြောင်း အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။
အဆိုပါခရီးသည်တင်လေယာဥ်၏ လေယာဥ်မှူးအခန်းထဲတွင် ခိုက်ရန်ဖြစ်ပွားနေချိန်တွင် ဓားဖြင့်အထိုးခံခဲ့ရသည့် အိန္ဒိယလေယာဥ်မှူးက တံခါးကို ဖွင့်နိုင်ခဲ့သဖြင့် ခရီးသည်များက ဓားဖြင့်တိုက်ခိုက်ခဲ့သည့် တွဲဖက်လေယာဥ်မှူးကို ၀ိုင်း၀န်းထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်ပွားနေချိန်တွင် ရာနစ်က အောက်သို့နိမ့်ဆင်းနေသည့် လေယာဥ်ကို အပေါ်သို့ပြန်လည်တည့်မတ်စေရန် လေယာဥ်လက်ကိုင်ကို အရင်ဆုံး ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် လေယာဉ်ပေါ်တွင် ခရီးသည်များအဖြစ် လိုက်ပါလာသည့် Flydubai လေကြောင်းလိုင်း၏ တာဝန်ချိန်ပြင်ပ လေယာဥ်မှူးနှစ်ဦးက လေယာဥ်ကို ထိန်းချုပ်မောင်းနှင်ခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံ တာဘွတ်မြို့သို့ လမ်းကြောင်းပြောင်းပြီး ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။
ခရီးသည်အားလုံးကို ဆော်ဒီမှ အစ္စရေးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးနောက် အစ္စရေး၀န်ကြီးချုပ်နေတန်ယာဟုက ဘန်ဂူရီယို လေဆိပ်သို့ ရောက်ရှိလာသည့် ရာနစ်ကို တွေ့ဆုံကာ ချီးကျူးဂုဏ်ပြုခဲ့သည်။
Ref: Firstpost