
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ကာ ရည်မှန်းချက်တာဝန် (၄) ရပ်နှင့် လုပ်ငန်းတာဝန် (၆) ရပ်တို့ကို အောင်မြင်အောင် အကောင်အထည်ဖော်ပြီး လေ့ကျင့်သားပြည့်ဝ၍ အဂတိကင်းရှင်းကာ ပြည်သူယုံကြည်အားကိုးသည့် ရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့(အောက်တိုဘာ ၁ ရက်)တွင် ကျင်းပသည့် (၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနား အမှာစကားပြောကြားရာ၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို "မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး အဂတိကင်းစင်ကာ ပြည်သူချစ်သည့်၊ နိုင်ငံတော်နှင့် ပြည်သူတို့ ယုံကြည်အားကိုးရသည့် ရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ကာ ရည်မှန်းချက်တာဝန် (၄) ရပ်နှင့် လုပ်ငန်းတာဝန် (၆) ရပ်တို့ကို အောင်မြင်အောင် အကောင်အထည်ဖော်ပြီး လေ့ကျင့်သားပြည့်ဝ၍ အဂတိကင်းရှင်းကာ ပြည်သူယုံကြည်အားကိုးသည့် ရဲတပ်ဖွဲ့ဖြစ်အောင် တည်ဆောက်ရန်လည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မှာကြားခဲ့သည်။
Cyber Crime၊ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ပိုမိုရှုပ်ထွေးလာသဖြင့် နည်းပညာစွမ်းရည်နှင့် မှုခင်းသတင်းအချက်အလက် စုဆောင်းသုံးသပ်မှု မြှင့်တင်ကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် လိုအပ်ကြောင်း၊ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှု ၇၀၄ မှု၊ ငွေကြေးခဝါချမှု ၄ မှု၊ လူကုန်ကူးမှု ၄၁ မှု၊ လက်နက်မှောင်ခိုမှု ၅ မှုနှင့် ဆိုက်ဘာမှုခင်း ၃၁၂ မှု ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို Zero Tolerance မူဝါဒဖြင့် နှိမ်နင်းနေပြီး ၂၀၂၆ ခုနှစ်တွင် သက်ဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းကာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်၍ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သော KK Park ရှိ အဆောက်အအုံ ၆၃၅ လုံးနှင့် ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ အဆောက်အအုံ ၇၇ လုံးကို ဖြိုချဖျက်ဆီးရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း နှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန်အထိ အွန်လိုင်း လိမ်လည်မှုနှင့် ဆက်စပ်သည့်နိုင်ငံခြားသား ၇၃,၂၅၈ ဦး ကို ပြည်နှင်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိပြီး အထူးစစ်ဆင်ရေး ၄၁ ကြိမ် ဆောင်ရွက်ခဲ့သည့်အပြင် “Operation 42” ကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဇွန် ၂၆ ရက်တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ ကျပ် ၂၂၀၉ ဘီလျံကျော်(အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော်)တန်ဖိုးရှိ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောကြားသည်။
ပြည်သူများ၏ တိုင်ကြားမှုနှင့် အကူအညီတောင်းခံမှုများကို မြန်ဆန်၊ မှန်ကန်၊ တာဝန်ယူမှုရှိစွာ ဖြေရှင်းပြီး လူ့အခွင့်အရေးအခြေခံမူများကို လေးစားလိုက်နာကာ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် မြှင့်တင်ရန်၊ ထို့ပြင် Digital Policing၊ Police Technology၊ Forensic Science နှင့် ခေတ်မီစုံစမ်းစစ်ဆေးရေးနည်းပညာများ ကို ထိရောက်စွာ အသုံးချ၍ အထောက်အထားအခြေပြု စုံစမ်းဖော်ထုတ်မှုများ မြှင့်တင်ရန်လည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တိုက်တွန်းပြောကြားခဲ့သည်။
နိုင်ငံတော်နှင့် ပြည်သူအတွက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုကြောင်းနှင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ရဲတပ်ဖွဲ့ဝင် ၄၉၄၀ ဦးကို စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာတံဆိပ်များ ချီးမြှင့်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးအတွက် အရေးကြီးသည့်တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သဖြင့် စည်းကမ်းရှိစွာ၊ တာဝန်ယူမှုရှိစွာနှင့် ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ကြရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို “မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်” ဆိုသည့် မျှော်မှန်းချက်ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပြီး အဂတိကင်းစင်ကာ ပြည်သူချစ်သည့်၊ နိုင်ငံတော်နှင့် ပြည်သူတို့ အားကိုးရသည့် ခေတ်မီရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တိုက်တွန်းမှာကြားခဲ့သည်။