
လာမည့်ဆောင်းရာသီနှင့် နွေရာသီတွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည့် အယ်လ်နီညိုသည် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသော အယ်လ်နီညို အခြေအနေတွင် ဆက်လက်တည်ရှိနေကြောင်း၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကို အခြေခံ၍ ခန့်မှန်းသုံးသပ်ချက်များအရ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာ သွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့် ဆောင်းရာသီနှင့် နွေရာသီ ကာလများတွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
သို့ဖြစ်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေး အပ်ကြောင်း၊ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့် တစ်ပြေးညီဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်သည်။