
ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့သူများနှင့် ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စ မလေးရှားနှင့်မြန်မာတို့ ဆက်လက်ဆွေးနွေးနေ သောကြောင့် မြန်မာသမ္မတဦးမင်းအောင်လှိုင်သည် အောက်တိုဘာလထဲတွင် မလေး ရှားကိုလာမည်ဟု မလေးရှားအစိုးရပိုင်သတင်းဌာနက စက်တင်ဘာ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။
မလေးရှားက စက်တင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို မြန်မာအစိုးရက စေလွှတ်လိုက်သော သင်္ဘောသုံးစင်းဖြင့် ပြန်ပို့ပေးခဲ့သည်။
မြန်မာသမ္မတဦးမင်းအောင်လှိုင်သည် အောက်တိုဘာလထဲတွင် မလေးရှားသို့လာမည့် ပြည်ပခေါင်းဆောင်များထဲမှ ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟု မလေးရှားအစိုးရအတွက် ပြောရေးဆိုခွင့်ရှိသူ ဆက်သွယ်ရေးဝန်ကြီး ဖာမီဖာဒဇီလ်၏ပြောစကားကို Bernama သတင်းဌာနက ကိုးကားဖော် ပြခဲ့ သည်။
မလေးရှားက ဒုက္ခသည်များ ပြန်ပို့ရေး အစီအစဉ်၏ဒုတိယအဆင့်အဖြစ် နောက် ထပ်လူ ၃,၅၂၄ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ ရန်စီစဉ်ထားသည်ဟု စက်တင်ဘာ ၃၀ ရက် တွင် ဖာမီပြောခဲ့သောစကားကို Bernama က ကိုးကားဖော်ပြခဲ့သည်။
ဝန်ကြီးချုပ်အန်ဝါအီဗရာဟင်က မြန်မာဒုက္ခသည်များ ၎င်းတို့၏နိုင်ငံသို့ပြန်ရေးကို အထောက်အကူပေးရေးအတွက် မြန်မာနိုင်ငံနှင့် ဆွေးနွေးမှုများကို မကြာမီလုပ်ဆောင်မည်ဟု ဖာမီက ဖြည့်စွက်ပြောကြားခဲ့သည်။
မလေးရှားသည် ဒုက္ခသည်များ၏ဘေးကင်းရေးကို အလေးမထားဘဲ ယင်းဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့နေသည်ဟူသော စွပ်စွဲပြောကြားချက်များအား အန်ဝါကပယ်ချခဲ့သည်။ ကာလရှည်ဖြစ်ပွားနေသော ပြဿ နာများကို ဖြေရှင်းရေးအတွက် စဉ်ဆက်မပြတ် စေ့စပ်ဆွေးနွေးမှုလိုအပ်သည်ဟု စက်တင်ဘာ ၂၉ ရက်တွင် အန်ဝါက ပြောကြားခဲ့သည်။
“သူတို့ကို ပြန်ပို့ရုံသက်သက်ပဲလို့ ပြောနေတာဟာ မှန်ကန်မှုမရှိပါဘူး။ ကျွန်တော်တို့ကစေ့စပ်ဆွေးနွေးပြီးမှ ပြန်ပို့တာပါ”ဟု အန်ဝါကပြောကြောင်း Bernama ကဖော်ပြခဲ့သည်။
Ref: Bernama