
မီးလောင်ကျွမ်းပြီး ဆယ်နှစ်ကျော်ကြာသည်ထိ ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးသော မင်္ဂလာစျေးအား စည်ပင်သာယာဘဏ္ဍာငွေနှင့်တည်ဆောက်ရန်အခက်အခဲရှိသ့ဖြင့် ပြင်ပကုမ္ပဏီများဖြင့်ဆောင်ရွက်ရန် ယခင်ဈေးဆိုင်ခန်းရှင်များ၊ တိုက်ခန်းရှင်များနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ညှိနှိုင်းသဘောတူညီမှုမရရှိခဲ့ခြင်းကြောင့် မင်္ဂလာဈေးအား အသစ်ပြန်လည်တည်ဆောက်ရန် လတ်တလောအစီအစဉ်မရှိသေးကြောင်း မန္တလေးမြို့တော်ဝန် ဦးခင်မောင်အေး၏ လွှတ်တော်တွင် ပြောကြားချက်အရသိရသည်။
အောက်တိုဘာလ၁ရက်က ကျင်းပခဲ့သည့် မန္တလေးတိုင်းလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် " ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃ဝနှင့် ၇၃လမ်းထောင့်ရှိ မင်္ဂလာဈေးသည်၂၀၁၆-ခုနှစ် မတ်လ (၂၂)ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့သဖြင့် ဆက်လက်သုံးစွဲရန် မသင့်လျော်သည့်အတွက် ဖြိုဖျက်ခဲ့ရပြီး လေးထပ်အဆောက်အဦးဖြစ်ကာ ဈေးဆိုင်ခန်းများနှင့် လူနေတိုက်ခန်းများ ပါဝင်ခဲ့ကြောင်း၊ ရုံးခန်း (၇)ခန်း၊ အရောင်းပြခန်း (၆)ခန်း၊ ဈေးဆိုင်ခန်း (၄၈၁)ခန်း၊ လူနေတိုက်ခန်း (၅၆)ခန်း၊ စုစုပေါင်း အခန်း (၅၅၀)ခန်းနှင့် ပျံကျဈေးဆိုင်များအပါအဝင် အခန်းပေါင်း (၇၀၀)ကျော် ရှိခဲ့ကြောင်း၊အဆိုပါဈေးအား ပြန်လည်တည်ဆောက်နိုင်ရေးအတွက် စီစဉ်ခဲ့ကြသော်လည်း ယနေ့တိုင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။ မန္တလေးမြို့၏ အထင်ကရနေရာကြီးတွင် တည်ရှိနေသောကြောင့် မြို့၏ ပြယုဂ်အဖြစ် ခန့်ငြားထည်ဝါသော အဆင့်မြင့်ဈေးကြီး တည်ဆောက်ပေးသင့်ကြောင်း၊ မီးလောင်ပြင် ဖြစ်သည့်အတွက် နိုင်ငံတော်မှ စီမံခန့်ခွဲပေးရမည့် နေရာလည်းဖြစ်သောကြောင့်မင်္ဂလာဈေးအား ပြန်လည်တည်ဆောက်ပေးမည့် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း"ငါန်းဇွန်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်သူက မေးမြန်းခဲ့ခြင်းဖြစ်သည်။
မေးမြန်းမှုနှင့်ပတ်သက်ပြီး စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဦးခင်မောင်အေးက" မင်္ဂလာဈေး ပြန်လည်တည်ဆောက်ရန်အတွက် ယခင်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ၁၅-၁-၂၀၁၇ ရက်နေ့တွင် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့အား ဖွဲ့စည်းပေးခဲ့ပြီး ၎င်းအဖွဲ့မှ Expression of Interest (EOI) ခေါ်ယူခဲ့ပြီး အဆင့်ဆင့်စိစစ်ကာ (EOI) တင်သွင်းသည့် ကုမ္ပဏီ(၄)ခု အနက်မှ မင်္ဂလာဈေးသစ် တည်ဆောက်ခြင်း လုပ်ငန်းအား Capital Development Co.,Ltd နှင့် Mandalar Consortium Co.,Ltd တို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ၁ - ၂ - ၂၀၁၉ ရက်တွင် ခွင့်ပြုခဲ့ပါသည်။ ထို့နောက် မင်္ဂလာဈေးသစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းကြီးကြပ်ညှိနှိုင်း ဆောင်ရွက်ရေးကော်မတီနှင့်ကုမ္ပဏီ(၂)ခုတို့သည် မင်္ဂလာဈေး အကျိုးတော်ဆောင် အဖွဲ့၊ ဈေးသူ/ ဈေးသား များ၊ တိုက်ခန်းပိုင်ရှင်များနှင့် အကြိမ်ကြိမ်တွေ့ဆုံ၍ ဈေးဆိုင်ခန်းများ၊ လူနေတိုက်ခန်းများ ပြန်လည် နေရာချထားနိုင်ရေးအတွက် ဈေးသူ/ ဈေးသားများ၏ တောင်းဆိုချက်များအပေါ်မူတည်၍ ဈေး အဆောက်အဦဒီဇိုင်း ပြင်ဆင်ခြင်းအား (၃)ကြိမ် ပြင်ဆင်ကာ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ သော်လည်း သဘောတူညီမှု မရရှိခဲ့ခြင်း၊ Covdi-19 ရောဂါများ စတင်ဖြစ်ပွား လာခြင်းများကြောင့် ဈေးတည်ဆောက်ရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့ရပါသည်။ မင်္ဂလာဈေးအား ခေတ်ကာလ နှင့်အညီ ခေတ်မီသည့် ဈေးတည်ဆောက်နိုင်ရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဘဏ္ဍာငွေဖြင့် အလုံးစုံကျခံတည်ဆောက်ရန် အခက်အခဲရှိသဖြင့်လည်းကောင်း၊ ပြင်ပပုဂ္ဂလိကကုမ္ပဏီများကို Expression of Interest (EOI) ခေါ်ယူ၍ (BOD) စနစ်ဖြင့် ဆောင်ရွက်ရန် ယခင်ဈေးဆိုင်ခန်းရှင်များ၊ တိုက်ခန်းရှင်များနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ညှိနှိုင်းသဘောတူညီမှုမရရှိခဲ့ခြင်း ကြောင့်လည်းကောင်း မင်္ဂလာဈေးအား အသစ်ပြန်လည်တည်ဆောက်ရန် လတ်တလောအစီအစဉ်မရှိ သေးပါကြောင်းနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဘဏ္ဍာငွေကျခံ တည်ဆောက်နိုင်သည့် အချိန် သို့မဟုတ် ပြင်ပပုဂ္ဂလိက ကုမ္ပဏီများမှ ယခင်ဈေးဆိုင်ခန်းရှင်များ၊ တိုက်ခန်းရှင်များနှင့် ညှိနှိုင်းပြေလည်မှု ရရှိသည့်အချိန်မှသာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း " ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။