
အောက်တိုဘာ၁ရက်နေ့၌ ကျရောက်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဝန်ကြီးချုပ်က “ လုပ်ပိုင်ခွင့်များနဲ့ လုပ်ငန်းကျွမ်းကျင်မှုများနှင့်အတူ ဥပဒေကို ကိုင်တွယ်အသုံးပြုရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သည့် ရဲတပ်ဖွဲ့ဝင် ကောင်းများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် ” (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် မန္တလေးတိုင်းဝန်ကြီး ချုပ်မှ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မိမိတို့ရဲ့ဆောင်ရွက်ချက်များနဲ့ပတ်သက်ပြီး နေ့စဉ် လုပ်ငန်းဆောင်ရွက်ချက်များ ကောင်းမွန်မှု၊ မှုခင်းဖြစ်ပွားမှုအခြေအနေများကို ထိရောက်စွာထိန်းချုပ်နိုင်မှု၊ ပြည်သူတို့ရဲ့လိုလားချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်မှုစတဲ့ အခြေအနေများကိုလည်း ပွင့်လင်းမြင်သာစွာဖြင့် ပြည်သူလူထုထံသို့ မှန်ကန်သော သတင်းအချက်အလက်များ ပို့ဆောင်နိုင်ခြင်းနဲ့ မှုခင်းနှင့်သက်ဆိုင်တဲ့ အကြောင်းတရားများကို ပညာပေးနှစ်သိမ့်ပြီး လျှော့ချပေးနိုင်ဖို့ တိုက်တွန်းပြောကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့မှာကြားလိုတာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးဟာ မိမိတို့ ရဲ့လုပ်ပိုင်ခွင့်များနဲ့ လုပ်ငန်းကျွမ်းကျင်မှုများနှင့်အတူ ဥပဒေကို ကိုင်တွယ်အသုံးပြုရာမှာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်တဲ့ ရဲတပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြပါ။ ပြည်သူ လူထုရဲ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာမှာလည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်မှန်းပြီး နိုင်ငံတော်နဲ့ပြည်သူကို အကျိုးပြုရတဲ့ မိမိအလုပ်ကို တန်ဖိုးထားဂုဏ်ယူစွာနဲ့ အစဉ်ကြိုးပမ်းလုပ်ဆောင်သွားကြပါလို့ တိုက်တွန်းပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ပါဝင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဌေး၊ မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်လှမြင့်နှင့်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးတို့ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်စိုးဝင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရဲချုပ်၏အမှုထမ်းကောင်းလက်မှတ်ရရှိသည့် ရဲအရာရှိကြီးများ၊ ရဲတပ်ဖွဲ့ဝင်များကို ဆု ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကို ပြသခဲ့ပြီး ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ်ပြခန်းများသို့ တက်ရောက်လာသူများမှ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။