
ဆိုမာလီပင်လယ်ဓားပြများသည် ရေနံတင်သင်္ဘောတစ်စင်းကို ပြန်ပေးဆွဲပြီး မြန်မာနိုင်ငံသားတစ်ဦးအပါအ၀င် သင်္ဘောသား ငါးဦးကို သတ်ဖြတ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဖော်ပြထားသည်။
ပင်လယ်ဓားပြများသည် ဆိုမာလီယာ ကမ်းလွန်ပင်လယ်ပြင်တွင် ပါလာအူ အလံတင်ထားသည့် MT Honour 25 အမည်ရှိ ရေနံတင်သင်္ဘောကို ဧပြီလ ၂၁ ရက်နေ့က ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုမာလီယာအစိုးရတာ၀န်ရှိသူများက ပြောကြားခဲ့သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးတစ်ခုပြုလုပ်ပြီး အဆိုပါ သင်္ဘောကိုပြန်လည် ထိန်းချုပ်နိုင်ခဲ့ကာ ပင်လယ်ဓားပြဟု သံသယရှိသူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဆိုမာလီယာနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်သည့် ပန့်တ်လန်း ဒေသ၏ ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။
သို့သော် စစ်ဆင်ရေးမစတင်မီ ပင်လယ်ဓားပြများက သင်္ဘောသားငါးဦးကို သတ်ဖြတ်ခဲ့ပြီး သေဆုံးသူများအနက် ပါကစ္စတန် နိုင်ငံသား သုံးဦး၊ မြန်မာနိုင်ငံသား တစ်ဦးနှင့် အိန္ဒိယနိုင်ငံသားတစ်ဦး ပါ၀င်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသေဆုံးမှုများသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဆိုမာလီယာ ပင်လယ်ဓားပြများ၏ လက်ချက်ဖြင့် ပထမဆုံးအကြိမ် သေဆုံးမှုများ ဖြစ်သည်ဟု ယူဆရသည်။
ထို့ပြင် အခြား သင်္ဘောသား ၄ ဦး ဖြစ်သည့် ပါကစ္စတန်နိုင်ငံသား ၃ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: Al Jazeera